သခင်ယေဇူး ရွှေနှလုံးတော်အား သဒ္ဒါကြည်ညိုခြင်း

Sacred Heart of Jesus Posters at AllPosters.com

သခင်ယေဇူး ရွှေနှလုံးတော်အား သဒ္ဒါကြည်ညိုခြင်း
**************************************

သခင်ယေဇူး ရွှေနှလုံးတော်အား သဒ္ဒါကြည်ညိုခြင်းဆိုသည်မှာ သူ၏ ကယ်တင် ခြင်းပေးသော မေတ္တာတော်ကို မြင်နိုင်သော နှလုံးသားဖြင့် ဖေါ်ကျူးထားခြင်းပင်ဖြစ်သည်။

အေဒီ ၁၀၅၀ နှင့် ၁၁၅၀ အကြားနှစ်များတွင် သခင်ခရစ်တော်၏ ဒုက္ခ ခံထမ်း တော်မူခြင်း၊ အသေခံခြင်းတို့ကို ထောက်ရှုဆင် ခြင်ကာ ကိုယ်တော်ရှင်၏ ပေးဆပ်ခြင်းကို ဟောကြားခဲ့ကြသော ရဟန္တာ ဘားနဒ်၊ ရဟန္တာ ဘော်နာဘင်းချားတို့ကြောင့် ပို၍လူသိများ လာခဲ့သည်။ ထိုမှ ခေတ်အဆက်ဆက် ရဟန္တာ များစွာတို့သည် ဘုရားသခင်၏ ချစ်ခြင်း မေတ္တာတော် အကြောင်း ပိုမိုဟောပြောခဲ့ကြသည်။


သခင်ယေဇူးရွှေနှလုံးတော်အား သဒ္ဒါကြည်ညိုခြင်းနှင့် ဆက်စပ်မှု အရှိဆုံး ရဟန္တာ မှာ ပြင်သစ်ပြည်မှ မာဂရက်မေရီ ဖြစ်သည်။ သူမသည် သိလရှငတစ်ပါးဖြစ်သည်။ သခင် ယေဇူး ရွှေနှလုံးတော်အား ရူပါရုံဖူးမြင်ရသည်ကို ပြောပြသောအခါ အကြီးအကဲလုပ်သူက စိတ်ကယောင်ချောက်ခြား ပြောနေသည်ဟု ကြိမ်းမောင်းကာ မယုံကြည်သည့်အပြင် နောက်ထပ် မပြောရန် ပိတ်ပင်ခဲ့သည်။ တနေ့တွင် မာဂရက်မေရီ အပြင်းအထန် ဖျားနာ ခဲ့သည်။ အကြီးအကဲက အကယ်၍ သူမ နေကောင်းလာလျှင် ရူပါရုံမြင်ရသည်ကို ယုံကြည် လက်ခံမည်ဟု ပြောခဲ့ရာ တခဏချင်းတွင်ပင် ပြန်လည်ကျန်းမာလာခဲ့သည်။ ထိုအခါမှသာ စစ္စတာ မာဂရက်မေရီသည် သူမမြင်တွေ့ရသော ရူပါရုံအကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြခွင့်ရခဲ့သည်။


ပထမဦးဆုံးတွေ့မြင်ခဲ့ရသော နေ့မှာ ၁၆၇၃ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ ဖြစ် သည်။ ၁၆၇၄ နှစ်တွင်လည်း နှစ်ကြိမ် ပြန်လည်ထင်ရှားပြခဲ့သည်။ သခင်ယေဇူး ထင်ရှား ပြစဉ်ပြောခဲ့သော စကားများကို စာဖြင့် ပြန်လည်ရေးသားခဲ့ရာ ထိုစာများသည် အလျင် အမြန်ပြန့်နှံ့သွားခဲ့သည်။ သခင်ယေဇူး ရွှေနှလုံးတော်၏ အကြောင်းကိုလည်း လူများ အ ကြား ပိုမိုစိတ်ဝင်စားလာခဲ့သည်။


၁၇၆၅ ခုနှစ် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး အဌမမြောက် ကလေးမင်းက သခင်ယေဇူးရွှေနှလုံးတော်ပွဲနေ့ကို သတ်မှတ်ပေးခဲ့သည်။ ထို့နောက် ရဟန်းမင်းကြီး နဝမမြောက် ပီအူးစ် က ၁၈၅၆ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့တွင် ဤပွဲတော် အား အသင်းတော်တစ်ခုလုံးတွင် ကျင်းပရန် ကြေငြာထုတ်ပြန်ခဲ့သည်။ သခင်ယေဇူး ရွှေနှ လုံးသဒ္ဒါကြည်ညိုခြင်းသည် အတိုက်အခိုက် အဝေဖန်များကိုလည်း ရင်ဆိုင်ခဲ့ရသည်။ သို့ သော် ထို မဟုတ်မမှန် ဝေဖန်ထိုးနှက်ချက်များကို ရဟန်းမင်းကြီး ဆဌမမြောက် ပီအူးစ် က Auctorem Fidei ဆိုသော စာချွန်တော်ကို ၁၇၉၄ ခု သြဂုတ်လ ၂၈ ရက်နေ့တွင် ထုတ် ပြန် ကာ ချေပခဲ့သည်။


သခင်ယေဇူးရွှေနှလုံးတော်အား သဒ္ဒါကြည်ညိုခြင်းကို ပိုမို ခိုင်မာစေသော အချက် မှာ ရူပါရုံမြင်သော စစ္စတာ မာဂရက်မေရီအား ၁၈၆၄ ခု စက်တင်ဘာလ ၁၈ ရက်နေ့တွင် သူတော်မြတ် အဖြစ် ကြေငြာခဲ့ပြီး ၁၉၂၀ ခုနှစ် မေလ ၁၃ ရက်နေ့တွင် ရဟန်းမင်းကြီး ၁၅ ကြိမ်မြောက် ဘယ်နဒစ်က ရဟန္တာ အဖြစ် တင်မြှောက်ပေးခဲ့ခြင်းဖြစ်သည်။ သူမ၏ ဝိညာဉ် ရေးလမ်းညွှန်ဘုန်းတော်ကြီး ဖါသာရ် ကလောက် ဒယ်လာ ကိုလမ်ဘီရဲ ကိုလည်း ၁၉၂၆ ခု ဇွန်လ ၂၆ ရက်နေ့တွင် သူတော်မြတ်အဖြစ် ကြေငြာခဲ့သည်။


ထို့နောက်တွင် ယုံကြည်သူဘာသာဝင်များအား ရွှေနှလုံးထံအပ်နှံပူဇော်ခြင်း ကို ၁၈၇၅ ခုနှစ်တွင်လည်းကောင်း၊ လူသားထုတစ်ရပ် လုံးအား အပ်နှံပူဇော်ခြင်းကို ၁၈၉၉ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် ရဟန်းမင်းကြီး ၁၃ ကြိမ်မြောက် လေအိုမှ ဦးဆောင် ကာ ပြု လုပ်ခဲ့သည်။ ရဟန်းမင်းကြီး အဆက်ဆက် ဤ သဒ္ဒါကြည်ညိုခြင်းကို ပိုမိုခိုင်မာအောင် ဆောက်တည်ပေးခဲ့ကြသည်ကို အထင်အရှားတွေ့မြင်နိုင်သည်။ ၁၁ ကြိမ်မြောက် ပီအူးစ် က ၁၉၂၈ ခု မေလ ၈ ရက်နေ့စာချွန်တော်ဖြင့် ရွှေနှလုံးတော် ထိခိုက်ပြစ်မှားမိသော အပြစ် များအတွက် ဆပ်ဖြေခြင်းပြုလုပ်ရန် ဝတ္တရားရှိကြောင်း မိန့်မှာခဲ့သည်။ ၁၉၅၆ ခုနှစ်တွင် ရဟန်းမင်းကြီး ၁၂ ကြိမ်မြောက် ပီအူးစ် ရွှေနှလုံးတော်အား သဒ္ဒါကြည်ညိုခြင်း၏ သဘော တရားနှင့် နည်းလမ်းများကို Haurientis Aqua ဆိုသည့် စာချွန်တော်ဖြင့် ရှင်းလင်းစွာ သင်ကြားခဲ့သည်။


ယေဇူး ရွှေနှလုံးတော်၏ ပွဲတော်အား သန့်ရှင်းသော ဝိညာဉ်တော်ဘုရားဆင်း ကြွသည့် ပင်တကော့စ် ပွဲတော်အပြီး ဒုတိယ တနင်္ဂနွေနေ့တွင် ကျင်းပလေ့ ရှိသည်။ ယခုနှစ် ၂၀၁၇ ခုနှစ်တွင် ဇွန်လ ၂၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။

ရွှေနှလုံးတော်အား သဒ္ဒါကြည်ညိုခြင်း ကို ပထမသောကြာနေ့တိုင်းတွင် အထူး ပြုလုပ်ကြသည်။ ဤသည်မှာ မာဂရက်မေရီအား သခင်ယေဇူးထင်ရှားပြစဉ်က ပေးထားခဲ့ သော ကတိတော်ကြောင့်ဖြစ်သည်။ သခင်ယေဇူး ရွှေနှလုံးတော်က လ၏ ပထမ သောကြာ နေ့တိုင်းကို ရွှေနှလုံးတော်အတွက် ပူဇော်ဆက်ကပ်ပြီး ရွှေနှလုံးတော်အား ဝတ်ပြုကိုးကွယ် ရန် သန့်ရှင်းသော နေ့ရက်တစ်ခုအဖြစ် ထားရှိစေရန် အလိုရှိကြောင်း မာဂရက်မေရီက ပြောပြခဲ့သည်။ ထိုကဲ့သို့ လ၏ ပထမ သောကြာနေ့တွင် ကိုးလဆက်တိုက် မပျက်မကွက် အာပတ်ဖြေခြင်း၊ ကိုယ်တော်မြတ်ပင့်ယူခြင်း စက္ကရမင်းတူးများခံယူကာ ဒဏ်ဆပ်ဖြေခြင်းပြု သူတို့အား ကျေးဇူးတော်မခံ မယူရဘဲ မသေစေရဟု ကတိထားခဲ့သည်။



Credit: Fr. So Naing, SDB

No comments

Theme images by dino4. Powered by Blogger.