ရဟန္တာ စိစိလျားအကြောင်းအကျဉ်းချုပ် (St. Cecilia)

ရဟန္တာ စိစိလျှား

စိန့် စိစိလျှား (St. Cecilia) ကိုလက်တင်ဘာသာလို Sana Caecilia ဟုခေါ်ဆို၏၊ စိန့် စိစိလျားသည် ဂီတသမားများကို စောင့်ရှောက်သည့် ရဟန္တာဖြစ်ပြီး သူမ၏ပွဲနေ့ကြီးမှာ နိုဝင်ဘာလ (၂၂)ရက်ဖြစ်သည်။ သူမ၏ပွဲနေ့ နိုဝင်ဘာလ (၂၂)ရက်နေ့အဖြစ် ကက်သလစ် ခရစ်ယာန်အသင်းတော်၊ အရှေ့ပိုင်း ကက်သလစ် အသင်းတော်၊ အင်္ဂလိကန် အသင်းတော်၊ အရှေ့တိုင်း သြသိုဒေ့ါအသင်းတော်များက အသိအမှတ်ပြု ကျင်းပကြသည်။ 


စိန့် စိစိလျှားသည် ကညာစင် အမိမယ်တော်မာရီယား အပါအဝင် စိန့်(သို့) ရဟန္တာ( ၇)ပါးအား Canon of the Mass မစ္ဆားတရားဆိုင်ရာ ဥပဒေ စာအုပ်ကြီးတွင် ထည့်သွင်း ဖော်ပြထားခြင်းခံရသည်။ ဂီတသမားများကို စောင့်ရှောက်သည့် ရန္တာမဖြစ်သဖြင့် သူမကို စန္ဒယား၊ ပုလွေ၊ တယော၊ နှင်းဆီပန်းများ၊ စောင်းနှင့် သီချင်းသီဆိုမှုတို့ဖြင့် အမှတ်သင်္ကေတ ပြုသည်။


စိန့် စိစိလျှားအကြောင်းသည် ပုံပြင်ဆန်ဆန် အချို့ကယူဆကြသော်လည်း ပုံပြင်မဟုတ်ဘဲ အဖြစ်မှန် ရာဇ၀င်၊ သမိုင်ဖြစ်၏။ အကြောင်းမှာ စိစိလျှားကဲ့သို့ ရဟန္တာများ အသက်အသေခံသည့် အကြောင်းအား (၅ - ၆)ရာစုကာလတွင် ဖော်ပြကြသဖြင့် ၎င်းတို့သည် သမိုင်းအချက်အလက် အပေါ်တွင် အခြေခံသည်ဟု Johann Peter Kirsch က ဆိုခဲ့သည်။ စိန့် စီစီလျာနှင့်အတူ Valerianus ဗီလာရီရေးနုစ်၊ Tiburtius တိုင်ဘားတီးရပ်စ်နှင့် Maximus မက်ဆီမုဇ်တို့ အကြောင်းသည် သမိုင်း အခြေခံအချက်များအရ Acts of the Martyrs ဓမ္မအာဇာနည် ရဟန္တာများအကြောင်း စာအုပ်တွင် မှတ်တမ်းတင်ရးသားထားသည်ဟု ယုံကြည်ကြသည်။


စိန့် စိစိလျှား ရဟန္တာပွဲနေ့ကို စတင်ကျင်းပခဲ့သည်မှာ (၄) ရာစုကတည်းကဖြစ်၏။ စိန့် စိစိလျှားသည် ရောမမြို့၏ သူကောင်းမျိုးနွယ်၊ အလွန်ချမ်းသာသည့်မိသားစုမှ ဆင်းသက်လာသည်။ သူမသည် အဝတ်အထည်ကြမ်းများကို ဝတ်ဆင်ကာ ဆုတောင်းခြင်း၊ ခြိုခြံ ဝါရှောင်ခြင်းများပြုလုပ်ကာ သူမ၏ ဘ၀ကို ဘုရားသခင်ထံအပ်နှံထား၏။ ထို့အပြင် ရဟန္တာများ၊ ကောင်းကင်တမန်များထံ သူမ၏ အပျိုးစင်ဘ၀ကို စောင့်ရှောက်ပေးရန် အစဉ်အမြဲ ဆုတောင်းလေ့ရှိသည်။ သူမသည် ဘုရားသီချင်းသီဆိုချီမွမ်း၊ ဂုဏ်ပြုခြင်းအားဖြင့် ဘုရားသခင်ထံ အစဉ်အမြဲဆုတောင်လေ့ရှိသည်။


တနေ့တွင် သူမမျော်လင့်မထားသည့် ၀မ်းနည်းဖွယ်ရာနှင့် ကြုံရလေသည်။ အကြောင်းမှာ သူမ၏ မိဘများက ဘုရားမဲ့ဖြစ်သူ Valerian ဗီလားရီးယမ်းနှင့် အတင်းအကြပ်ပေးစားခြင်းကြောင့်ဖြစ်သည်။ ငြင်းမရသည့်အဆုံး သူမ၏လက်ထပ်ပွဲတွင် သူမစိတ်နှလုံးသားမှ ၀မ်းနည်းစွာ ဘုရားသခင်ထံ သီချင်းသီဆို ဆုတောင်းခဲ့သည်။ စိန့် စိစိလျှားသည် သူမ၏ အပျိုစင်ဘဝကို ထိန်းသိမ်းလိုသဖြင့် သူမ၏ ခင်ပွန်းလောင်းဖြစ်သည့် ဗီလားရီးယမ်းအား သူမ၏အပျိုစင် ဘဝကိုဘုရားသခင်နှင့် သိကြားတမန်များထံ အပ်နှံထားသည့်အကြောင့်ပြေပြကာ သူမ၏ကတိထားခဲ့သည့်အတိုင်းလေးစားထိန်းသိမ်းပေးပါက ဘုရားသခင်ထံမှ ကောင်ကြီးရမည်ဖြစ်ကြောင်း တောင်းပန် ပြောဆိုခဲ့သည်။ ခင်ပွန်းလောင်းဖြစ်သူ ဗီလားရီးယမ်းက သိကြားတမန်အား သူထံပြပါရန် စိန့် စိစိလျှားအား ပြောသောအခါ သူမက Via Appia ဒေသသို့သွားလျှင် ထိုနေရာတွင် သင် သိကြားတမန်အာ တွေ့မည်ဖြစ်ကြောင်းပြောပြ၏။ ထို့အပြင် ခင်ပွန်းသည် ဗီလားရီးယမ်းကို ပုပ်အာဘန်က ဆေးကြောခြင်း ပေးလိမ့်မည်ဟု ပြောဆိုလိုက်သည်။ စိန့် စိစိလျှားပြောသည့်အတိုင်း ထိုဒေသသို့ ခင်ပွန်းသည် ဗီလားရီးယမ်း သွားသောအခါ စိန့် စိစိလျှားအား သိကြားတမန်က နှင်းဆီပန်းနှင့် လီလီပန်းများဖြင့် ပြုလုပ်ထားသည့် သရဖူအား သူမခေါင်းပေါ်တင်ပေးသည်ကို မြင်တွေ့ခဲ့သည်။ ထို့မြင်ကွင်းကြောင့် ဘုရားသခင်ကို မယုံခဲ့သည့် ဗီလားရီးယမ်းသည် ခရစ်ယာန်တစ်ဦး ဖြစ်လာသည်။


စိန့် စိစိလျှား၏ ခင်ပွန်းလောင်းဖြစ်သည့် ဗီလားရီးယမ်း ခရစ်ယာန်တစ်ဦး ဖြစ်လာရုံမျှမက ညီဖြစ်သူ တိုင်ဘားတီးရပ်စ် Tiburtius သည်လည်း ခရစ်ယာန် ဖြစ်လာသည်။ ထိုညီအစ်ကို နှစ်ဦး ခရစ်ယာန်များဖြစ်လာပြီးနောက်တစ်ရက်တွင် တဓူဝ အသတ်ခံနေရသော ခရစ်ယာန်များအား ဂူသွင်း မြေမြုပ်ပေးသည့် အလုပ်အား လုပ်ဆောင်ခဲ့သည်။ သို့သော် ဒေသခံ အုပ်ချုပ်သူ Prefect တာစီးယပ်စ် အယ်မားခီးယပ်စ် Turcius Almachius လက်ထက်တွင် ခရစ်ယာန်များအား ကွပ်မျက်ရန် အမိန့်ကြောင့် စိန့် စိစိလျှား၏ ခင်ပွန်းနှင့် ညီဖြစ်သူတို့ ဖမ်းဆီးကာ ရောမနတ်ဘုရားများအား ပူဇော်ပသရန် ညွှန်ကြားခဲ့သော်လည်း ငြင်းဆန်သောကြောင့် သေဒဏ်ပေးခဲ့သည်။


စိန့် စိစိလျှားသည် သူမ၏ ခင်ပွန်း ညီအစ်ကိုတို့ အသတ်ခံပြီးသည့်နောက် တရားဒေသနာ ဟောပြောခြင်းကို စဉ်ဆက်မပြတ် ပြုခဲ့သည်။ သူမ၏ ဟောပြောချက်ကြောင့် လူပေါင်း ၄၀၀ ခရစ်ယာန်များ ဖြစ်လာကြပြီး ၎င်းတို့အားလုံးကို ပုပ်ရဟန်းမင်းကြီး အာဘန် Urban က ဆေးကြောခြင်းပေးခဲ့သည်။ ရောမအာဏာပိုင်များက စိန့် စိစိလျှားအား တွေ့ရှိခဲ့ပြီး သူမကို သေဒဏ်စီရင်ခဲ့သည်။ ရှေးဦးစွာ သူမအား ရေချိုးသည့် အများသုံး ရေကန်အဆောက်အအုံအတွင်း မီးခိုးများ၊ မီးပြင်း မီးတောက်များဖြင့် မွန်းကြပ်သေစေရန် တစ်ရက် တစ်ည ပိတ်လှောင်ထားခဲ့သည်။ ထိုနောက် သူမသည် အသက်ရှင်နေရုံမက ချွေးပင် တစ်စက် မပြန်သည်ကို စစ်ဆေးသောအခါ Almachius အယ်မားခီးယပ်စ်သည် စိန့် စိစိလျှားကို ခေါင်းဖြတ်ရန် အမိန့်ချပြန်သည်။


စိန့် စိစိလျှား၏ ဒဏ္ဍာရီအရ သူမကို ခေါင်းဖြတ်ရာ ခုတ်ချက် (၃)ချက်အထိ မသေသဖြင့် သေဒဏ်စီရင်သူက သူမအား ချန်ထားခဲ့သည်ဟုဆိုသည်။ စိန့် စိစိလျှားသည် လည်ပင်းတွင် ခုတ်သည့်ဒဏ်ရာ(၃) ချက်ဖြင့် (၃)ရက်တိုင်တိုင် အသက်မသေမရှင် ဖြစ်နေခဲ့သည်။ စိန့် စိစိလျှားသည် မသေဆုံးမီ သူမအား လာရောက်ကြည့်ရှုကြသည့် လူအများအား တရားဟောပြောခြင်း၊ ဆုတောင်းခြင်းများ ပြုလုပ်နိုင်ခဲ့သည်။ လူအများသည် သူမ၏ ကိုယ်မှ စီးထွက်လာသော သွေးများအား အမြတ်တနိုး ယူဆောင်ကြသည်။ (၃) ရက်ပြည့်သည့်နေ့မှ စိန့် စိစိလျှားအသက် သေဆုံးခဲ့သည်။ သူမကို ပုပ်ရဟန်းမင်းကြီး အာဘန်နှင့် ဒီကန်များ၊ လက်ထောက် ကိုရင်ကြီးများက မြုပ်နှံပေးခဲ့သည်။


သူမအား ဂီတသံစဉ်၏ ရဟန္တာအဖြစ် သတ်မှတ်သည့် နောက်အကြောင်းရင်းမှာ သူမ၏ နှလုံးသားတွင် ကောင်းကင်မှ တေးသံစဉ်များအား ကြားနေရသည်ဟု ဆိုစမှတ်ရှိသောကြောင့် ဖြစ်သည်။ စိန့် စိစိလျှားသည် သူမ၏ အိမ်အား ဘုရားကျောင်း အဖြစ် ပြောင်းလဲပစ်ရန် သူမ မသေခင် ပုပ်ရဟန်းမင်းကြီး ပထမမြောက် Urban အာဘင်အား ပန်ကြားခဲ့သည်။ ထိုအချိနန်မကာ စိန့် စိစိလျှား၏အိမ်ကို ဘုရားကျောင်း အဖြစ် အသင်းတော်မှ အစဉ်အဆက် သတ်မှတ်ကာ လှပခန့်ညားသော ဘုရားကျောင်းကြီးကို သူမ အိမ် အပေါ်တွင် ဆင့်ကာ တည်ဆောက်ခဲ့သည်။


အေဒီ ၅၀၀ တွင် ကက်သလစ် အသင်းတော်၏ သာသနာ့အစည်းအဝေးကြီးကို ထို စိန့်စီစီလျာ ဘုရားကျောင်းတွင် ပုပ်ရဟန်းမင်းကြီး Symmachus က ဦးဆောင်ကျင်းပခဲ့ပြီး စိန့် စိစိလျှား၏ ရုပ်ကလာပ်အား St. Callistus Catacombs စိန့် ကာလစ်တုစ် အမည်ရ မြေအောက်သချိုင် အတွင်း မြုပ်နှံခဲ့သည်။ နှောင်းပိုင်း စိန့် စိစိလျှား၏ရုပ်ကလာပ်အား Trastevere ဒေသရှိ Church of Santa Ceciilia ဘုရားကျောင်းသို့ ပြောင်းရွေ့ခဲ့သည်။


ခရစ်သက္ကရာဇ် ၁၅၉၉ ခုနှစ်တွင် စိန့် စိစိလျှား၏ ရုပ်ကလာပ်သည် မပျက်မစီး မပုပ်မသိုးပဲ တည်ရှိနေသည့် အပြင် စီစီလျာ၏ ရုပ်သည် အိပ်ပျော်နေသကဲ့သို့ ဖြစ်နေကြောင်း မှတ်တမ်းများက ဖော်ပြခဲ့သည်။ စိန့် စိစိလျှားသည် မပုပ်မသိုးသည့် ရဟန္တာများထဲတွင် သူမကို ပထမဆုံးတွေ့ရခြင်းဖြစ်သည်။ စိန့် စိစိလျှားအား မြုပ်နှံထားသည့် Trastevere ဒေသရှိ Church of Santa Ceciilia ဘုရားကျောင်းနှင့် မပုပ်မသိုးပဲ တည်ရှိနေသည့် စိန့် စိစိလျှား၏ ရုပ်ကလာပ်တော်အကြောင်းကို ထိုဘုရားကျောင်းသည်စိန့် စိစိလျှားနခဲ့သည့် အိမ်နေရာတွင် စဉ်ဆက်မပြတ် ထပ်ခါထပ်ခါ တည်ဆောက်နေခဲ့သော ဘုရားကျောင်း ဖြစ်သည်။ စိန့် စိစိလျှားဘုရားကျောင်းကို (၄) ရာစုတွင် စတင်တည်ဆောက်ထားခဲ့သည်။ (၉) ရာစုတွင် ပုပ်ရဟန်းမင်းကြီး Paschal ပထမမြောက် ပါစကယ်သည် စိန့် စိစိလျှား၏ ရုပ်ကလပ်အား ထိန်းသိမ်းထားခဲ့သည်။ ယင်းနောက် သက္ကရာဇ် ၁၅၉၉ ခုနှစ်တွင်စိန့် စိစိလျှား၏ ရုပ်ကလာပ်အား ပုပ်ဂရေဂိုရီ (၁၄) ၏ တူတော်စပ်သူ ကာဒီနယ် Paolo Emilio Sfondrati ပေါ်လို အီမီးလီယို စဖွန်ဒရာတီက ထိန်းသိမ်းထားသည်။ ထိုနှစ် ၁၅၉၉ တွင်ပင် စိန့် စိစိလျှား ဘုရားကျောင်းအား အသစ် ပြန်လည် တည်ဆောက်ခဲ့သည်။


ကာဒီနယ်က သချိုင်းဖွင့်ကြည့်သောအခါ စိန့် စိစိလျှား၏ ရုပ်ကလာပ်သည် အကောင်းအတိုင်း ရှိသေးကြောင်း မှတ်တမ်းပြုစုထားခဲ့သည်။ စိန့် စိစိလျှား၏ ရုပ်ကလာပ်အား ပိုးထည်များဖြင့် ပတ်စည်းထားကာ ရွှေကွပ်ထားသည့် အကျီင်္အား ဝတ်ဆင်ထားသည်ဟု သူမ သချိုင်္င်းဖွင့်သည့် အရာရှိများက မှတ်တမ်းတင်ထားသည်။ ထိုအရာရှိများသည် စိန့် စိစိလျှား၏ အသွင်အပြင် မပုပ်သိုး မပျက်စီးပဲ ရှိသည်ကို တွေ့ရှိပြီးနောက် မည်သည့် ဆန်းစစ်မှုများကိုမှ ဆက်လက် မလုပ်တော့ပေ။ သူမ၏ ရုပ်ကလာပ်မှလည်း အလွန်မွှေးကြိုင်သည့် အနံ့အသက်ရကြောင်း မှတ်တမ်းတင်ဖော်ပြခဲ့သည်။ ထိုရုပ်ကလာပ်အား Trastevere ဒေသရှိ Church of Santa Ceciilia ဘုရားကျောင်းတွင် မစ္ဆားစင်၌ တည်ထားသည်။



စိန့် စိစိလျှား အမည်၏ အဓိပ္ပာယ်

စိစိလျှားသည် ရောမ လက်တင် အမည် “Caicilii” မှာ ဆင်းသက်လာသည်။ စာရေးစရာ Chaucer ချော်ဆာ၏ “The Second Nun’s Tale” ဝတ္ထုတွင် စိစိလျှားဟူသည့် အဓိပ္ပာယ်အား မိုးကောင်းကင်၏ လီလီပန်း၊ မျက်မမြင်များအား အတွက် လမ်းအပြင် အခြား အဓိပ္ပာယ်ဖွင့်ဆို ဖော်ပြထားသည်။


ဂီတ အနုပညာသမားများ ကိုးစားရာ ရဟန္တာ စိန့် စိစိလျှား

လွန်ခဲ့သော နှစ်ပေါင်း ၄၅၀ ခန့် အေဒီ ၁၅၇၀ ခုနှစ်၌ နော်မန်ဒီရှိ Evreux ဒေသတွင် စိန့် စိစိလျှားအား အစွဲပြုကာ ဂီတပွဲတော်ကို စတင် ကျင်းပခဲ့သည်။ ကမ္ဘာပေါ်တွင် သက်တမ်းအရင့်ဆုံး ဂီတကျောင်းကို အီတလီနိုင်ငံ ရောမမြို့တွင် စိန့် စိစိလျှားအား အမည်ပြုကာ Accademia Nazionale di Santa Cecilia (National Academy of Saint Cecilia) ဖြစ်သည်။ ထိုစိန့် စိစိလျှား ဂီတကျောင်းအား ၁၅၈၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ပုပ်ရဟန်းမင်းကြီး Sixtus V ဆစ်တုစ် (၅)၏ Ratione Congruit အမည်ရ စာချွန်တော်ဖြင့် အမိန့်ရ တည်ဆောက်ခဲ့သည်။ ထိုစာချွန်တော်တွင် စိန့် ရဟန္တာ နှစ်ဦးအား ဂီတအနုပညာ၏ ကိုးစားရာ ရဟန္တာများ အဖြစ် သတ်မှတ်ခဲ့သည်။ ၎င်းတို့မှာ ဂရီဂိုးရီးယမ်း ဆုတောင်းသံစဉ်အား အစွဲပြုထားသော စိန့် ပုပ် မဟာ ဂရီဂိုရီ Gregory the Great နှင့် စိန့် စိစိလျှားတို့ ဖြစ်သည်။


စိန့် စိစိလျှား ပွဲနေ့သည် ဂီတပွဲများ ကျင်းပကြသလို ကဗျာစပ်ဆိုခြင်းများကိုလည်း ကျင်းပကြသည်။ ထိုကဗျာပွဲများတွင် နာမည်ကျော် ကဗျာဆရာကြီးများ ဖြစ်သော Alexander Pope အလက်ဇန်းဒါး ပုပ်နှင့် John Dryden ဂျွန် ဒရိုင်ဒင်တို့လည်း ပါဝင်လေ့ရှိခဲ့သည်။ ဂီတသီချင်းများတွင် Henry Purcell ကစိန့် စိစိလျှား ဂုဏ်ပြုတေး (Ode to St. Cecilia)၊ George Frideric Handel ကမ္ဘာကျော် ဂီတဆရာ ဟန်ဒဲ Handel က (Ode for St. Cecilia’s day, Alexander’s feast)ဟူ၍ လည်းကောင်း၊ Charles Gounod က (St. Cecilia Mass)ဟူ၍ လည်းကောင်း အသီးသီး စပ်ဆိုခဲ့သည်။

ကဗျာဆရာ၊ ဂီတပညာရှင်များသည် စိန့် စိစိလျှားအား ဂုဏ်ပြုတေးများအား စဉ်ဆက်မပြတ် မရေမတွက်နိုင်အောင် စပ်ဆိုခဲ့ကြပေသည်။ ၁၉၉၄ ခုနှစ် ပိုလန်နိုင်ငံ Police ဒေသတွင် ၁၉၉၄ ခုနှစ်မှ စ၍ ဘာသာရေးအခမ်းအနားများတွင် သီဆိုသည့် သံပြိုင်တေးများ အပြင် အမျိုးမျိုးသော ဂီတပွဲများကို စိန့် စိစိလျှားကို အစွဲပြု နှစ်စဉ်အလိုက် ကျင်းပလာပေသည်။ ထိုပွဲတော်ကို စိန့် စိစိလျှား စကားလုံးမှ ဆင်းသက်လာသည့် Cecyliada စီစီလီယာဒါဟု အမည်ပေးထားသည်။




"စိန့် စိစိလျှား၏ အောက်မေ့ဖွယ်ရာနှင့် အမွေအနှစ်"

စိန့် စိစိလျှားအား မစ္ဆားတရားတွင် သီဆိုသည့် ဂီတသံသာတွင် Music to the Liturgy အဓိက အခန်းကဏ္ဍ အဖြစ် သတ်မှတ်ကြသည်။ ဤတွင် ကက်သလစ် အသင်းတော်၏ လှပသော လုပ်ထုံးလုပ်နည်း ထုံးတမ်း အစဉ်အလာ တစ်ခုအား ဖော်ပြလိုပါသည်။


Archbishops of Metropolitan လူနေထူထပ်သော ဒေသ၏ ဆရာတော်ချုပ်များ အသစ်ခန့်အပ်သည့် အခါတွင် ဆရာတော်များ၏ လည်ပင်းတွင် ဆွဲသည့် Pallium အား စိန့် စိစိလျှားစစ္စတာ အသင်းဂိုဏ်းမှ စစ္စတာများက သိုးမွှေးမှ ချုပ်လုပ်လေ့ရှိသည်။ စိန့် စိစိလျှားစစ္စတာ အသင်းမှ ချုပ်လုပ်ရန် သိုးများအား ရောမမြို့၏ Tre Fontane (Three foundations) Abbey ရသေ့ကျောင်းမှ Tappist တစ်ပစ် ဘုန်းတော်ကြီးများမှ မွေးမြူထားသည့် သိုးများ ဖြစ်သည်။ ထိုမွေးမြူသည့် သိုးငယ်များအား ပုပ်ရဟန်းမင်းကြီးက နှစ်စဉ် နှစ်တိုင်း စိန့် အဂ္ဂနက်စ် St. Agnes ပွဲနေ့ဖြစ်သော ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ကောင်းကြီးပေးပါသည်။ ဤသို့ဖြင့် စိန့် စိစိလျှားစစ္စတာများ ရက်လုပ်ထားသော ဆရာတော်သင်္ကန်းတွင် သုံးသည့် လည်စည်း Pallia ကို ပုပ်ရဟန်းမင်းကြီးက ဆရာတော်ကြီးများ Archbishops အား ဇွန်လ ၂၉ ရက်နေ့၊ စိန့် ပီတာနှင့် စိန့် ပေါလ် ပွဲနေ့ကြီးတွင် ပေးအပ်ပါသည်။


စိန့် စိစိလျှားစစ္စတာ အသင်းဂိုဏ်းအကြောင်း ပြောရမည်ဆိုလျှင် ၎င်းအသင်းအား Isle of Wight ကျွန်းတွင် ၁၈၈၂ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်။ စစ္စတာများသည် စိန့် ဘက်နဒစ်၏ ကျင့်စဉ်စည်းကမ်းအား လိုက်နာကာ ဆုတောင်းခြင်း၊ အလုပ်နှင့် လေ့လာ ဆည်းပူးမှုများဖြင့် ရသေ့ကျောင်းပုံစံ နေထိုင်ကျင့်ကြံကြပါသည်။


ဘာသာပြန်။ Credit:  Lawrence Jangma Mung Song

No comments

Theme images by dino4. Powered by Blogger.