အသင်းတော်နှင့် သမ္မာကျမ်းစာ နှစ်ခုတွင် မည်သည်က ပိုမို အရေးကြီးသနည်း


အသင်းတော်နှင့် သမ္မာကျမ်းစာ နှစ်ခုတွင် မည်သည်က ပိုမို အရေးကြီးသနည်း။


သမ္မာကျမ်းစာသည် ကျွန်ုပ်တို့အတွက် အလိုအပ်ဆုံး ဖြစ်သည်၊ ပုပ်ရဟန်းမင်းကြီးကို အလိုမရှိ၊ အသင်းတော်ကို အလိုမရှိ ဟူသည်ကို ကြားဖူးကြမည် ဖြစ်ပေသည်။ သို့သော် သမ္မာကျမ်းစာတွင်ပင် သမ္မာကျမ်းစာသာလျှင် အဓိက ဖြစ်သည်ဟူသည့် သီအိုရီ အယူအဆကို မသွန်သင်ထားချေ။ သမ္မာကျမ်းစာထဲတွင် ပါဝင်ပြီး ဖော်ပြသွန်သင်ထားသည်မှာ အသင်းတော်သည် သမ္မာကျမ်းစာထက် ဦးစွာလာသည် ဟူသည့် အချက်ပင် ဖြစ်သည်။ သခင်ယေဇူးကိုယ်တိုင်ပင်လျှင် သမ္မာကျမ်းစာထဲတွင် မည်သည့် အခန်းကြီး၊ ကျမ်းပိုဒ်ကို ရေးသားခဲ့ပါသနည်း။ မရေးသားခဲ့ပါ၊ သခင်ယေဇူးအနေဖြင့် ကျမ်းရေးသားရန် ရည်ရွှယ်ချက်ရှိရှိ ရှောင်ကြဉ်ခဲ့ပါသည်။ သခင်ယေဇူး ခရစ္စတူး၏ နာမတော်ဖြင့် သွန်သင်သည့် အသင်းတော် တစ်ခုကို တည်ထောင်ရန်သာ သခင်ယေဇူး အနေဖြင့် ရွေးချယ်ခဲ့ပါသည်။

ကက်သလစ်အသင်းတော်အနေဖြင့် သမ္မာကျမ်းစာတော်မြတ်နှင့် အသင်းတော်နှစ်ခုစလုံး လိုအပ်သည်။ ထိုအသင်းတော်နှင့် သမ္မာကျမ်းစာတွင် တစ်ခုမရှိဘဲ ကျန်တစ်ခုသည် တည်မြဲခြင်း မရှိနိုင်ဟု ယုံကြည်ထားသည်။ ကျမ်းစာ တစ်ခုတည်းနှင့် ပြည့်စုံသည်ဟု ယူဆသူများအတွက် မေးစရာလေးများ ရှိလာပါသည်။

အချက် (၁)။ ။

မှတ်သားထားရမည်မှာ သမ္မာကျမ်းစာသည် သခင်ခရစ်တော် ပေါ်ထွန်းပြီးနောက်ပိုင်း အေဒီ နှစ်သက္ကရာဇ် (၃၉၇) ခုနှစ်အထိ ကျွန်ုပ်တို့ ယနေ့ခေတ်အခါ မြင်တွေ့နေရသည့် ကျမ်းစာအုပ်အဖြင့် တစုတစည်းတည်း မရှိသေးချေ။ သမ္မာကျမ်းစာသည် ကာသေ့ဂ်ျ သာသနာ့ အစည်းအဝေး မတိုင်ခင် အေဒီ (ခရစ်သက္ကရာဇ်) ၃၉၇ ခုနှစ်အထိ စာအုပ်တစ်အုပ်တည်း အနေဖြင့် တစုတစည်းတည်း ဖြစ်တည်လာခြင်း မရှိသေးချေ။ ထိုခေတ်တွင် ရသေ့တစ်ပါး ကျမ်းစာအုပ်အား ကူးယူရေးသားရန် လပေါင်း (၁၀)လခန့် အချိန်ယူရသည်။ ထိုသို့ သမ္မာကျမ်းစာ တစ်အုပ်တည်း စုစည်း ဖြစ်ပေါ်လာရန် ရှေးဦးအသင်းတော်တွင် မည်သူ၏ သြဇာအာဏာဖြင့် စုစည်းခဲ့သနည်း။ ထိုသို့သော သမ္မာကျမ်းစာတော်မြတ်အား တစုတစည်းတည်း ဖြစ်ရန် ပြုစု ဆုံးဖြတ်သည့် သြဇာအာဏာသည် ကက်သလစ်အသင်းတော်တွင်သာ ရှိသည်ကို ငြင်းဆန်၍ မရချေ၊ သမ္မာကျမ်းစာတွင် သြဇာအာဏာ မရှိချေ။

အချက် (၂)။ ။

ပုံနိုပ်စက်ပေါ်ပြီး ကာလတွင်ပင် ကျမ်းစာတစ်အုပ်ကို ဝယ်ယူနိုင်ရန် ခရစ်ယာန်အများစု ကျမ်းစာကို ပိုင်ဆိုင်ရန် အခက်အခဲရှိနေသည်ဖြစ်ရာ ရှေးဦးခရစ်ယာန်များသည် ပုံနိုပ်စက်မပေါ်မှီ အေဒီ (၁၅၀၀) မတိုင်ခင်အထိ ကျမ်းစာတစ်အုပ်ကို ပိုင်ဆိုင်ရန် မဖြစ်နိုင်ချေ။

အချက် (၃)။ ။ 

ရှင်မာတေဦး (ရှင်မာတေးဦး ရှင်မဿဲ ခရစ်ဝင်ကျမ်း အခန်းကြီး ၁၈ အခန်းငယ် ၁၅-၁၇) တွင် သခင်ယေဇူးက အဆုံးအဖြတ်ပေးသော သြဇာအာဏာသည် အသင်းတော် အပေါ်တွင် မူတည်ကြောင်း အဘယ့်ကြောင့် မြွက်ဆိုခဲ့သနည်း။

(ရှင်မာတေဦး (ရှင်မဿဲ) ခရစ်ဝင်ကျမ်း အခန်းကြီး ၁၈ အခန်းငယ် ၁၅-၁၇) တွင်

“အကယ်၍ သင်၏ ညီအစ်ကိုသည် သင့်အား ပြစ်မှားကျူးလွန်လျှင် သူ့ဆီသို့ သွား၍ နှစ်ဦးချင်း သူ၏ ပြစ်မှားမှုကို ထောက်ပြ၍ ဆုံးမပါလော့။ သင်၏ ညီအစ်ကိုသည် သင့်ကို နားထောင်လျှင် သင်သည် သူ့ကို ပြန်လည် ရယူနိုင်ပေသည်။ သို့သော် သူသည် သင့်အား နားမထောင်လျှင် သင်နှင့်အတူ အခြားသူ တစ်ဦး၊ နှစ်ဦး ထက်ပိုသောသူများကို ဖိတ်ခေါ်လာလော့။ ဤသို့ဖြင့် ထိုသက်သေခံရှိသူတို့၏ နားချမှုနှင့် သင်တို့ ညီအစ်ကိုအကြား ကြေအေးရန် ပြောဆိုမှု စကားတိုင်းသည် ထိုသက်သေခံအဖြစ် ရှိနေသော နှစ်ဦး၊ သုံးဦးအကြားတွင် သက်သေတည်နေလိမ့်မည်။ အကယ်၍ သူသည် ၎င်းတို့ စကားကိုလည်း နားမထောင်ပါက သင်သည် အသင်းတော်ကို ပြောပါလော့၊ အကယ်၍ သူသည် အသင်းတော် စကားကို နာမခံလျှင် သူ့အား သာသနာပလူကဲ့သို့ လည်းကောင်း အခွန်ခံကဲ့သို့လည်းကောင်း ဆက်ဆံပါလော့။”


အချက် (၄)။ ။ 

ခရစ်ယာန်များအတွက် တစ်ခုတည်းသော သြဇာအာဏာသည် “သမ္မာ ကျမ်းစာ” တစ်ခုတည်းသာလျှင် တည်သည်ဟူသော အချက်ကို သမ္မာကျမ်းစာ၏ မည်သည့် နေရာတွင် ဖော်ပြထားသနည်း။

အချက် (၅)။ ။

 ယနေ့ခေတ်တွင်ပင် စာပေတတ်မြောက်သူ မများလှသော အခြေအနေတွင် အေဒီ နှစ်ပေါင်း ၁၅၀၀ တိုင်အောင် စာမတတ်သော လူအများစုသည် သမ္မာကျမ်းစာအား မည်သို့ ဖတ်ရှုလေ့လာ သိခွင့်ရရှိသနည်း။


အချက် (၆)။ ။

အမှန်တရား သမ္မာတရား၏ မဏ္ဍိုင်နှင့် အုတ်မြစ်သည် မည်သည် ဖြစ်သနည်း။

(တိမောသေ သြဝါဒ ပထမစောင် အခန်းကြီး ၃ အခန်းငယ် ၁၅) = “သင်ရှိရာသို့ ငါမြန်မြန်လာမည်ဟု မျော်လင့်သော်လည်း ငါနှောင့်နှေး တာရှည်နေလျှင် သင်သည် ဘုရားသခင်၏ အိမ်တော်၌ အဘယ်သို့ ကျင့်ကြံ ပြုမူရမည်ကို သိစေခြင်းငှာ ဤသို့ ငါရေးပေးလိုက်သည်။ ထိုဘုရားသခင်၏ အိမ်တော်ကား အသက်ရှင်တော်မူသော ဘုရားသခင်၏ အသင်းတော်ဖြစ်သည်။ ထိုအသင်းတော်ကား သမ္မာတရား၏ မဏ္ဍိုင် (အမှီတကဲ) ဖြစ်သကဲ့သို့၊ သမ္မာတရား၏ အုတ်မြစ် (တည်ရာလည်း) ဖြစ်သည်။

အချက် (၇)။ ။ 

သမ္မာကျမ်းစာတွင် သခင်ယေဇူးသည် မည်သည့်ကျမ်းပိုဒ်ကို ရေးသားခဲ့သနည်း။

အချက် (၈)။ ။

သမ္မာကျမ်းစာတွင် သခင်ယေဇူးသည် တပည့်တော် တမန်တော်ကြီးများအား ကျမ်းရေးရန် ညွှန်ကြားခဲ့သည်ဟူသော ကျမ်းပိုဒ် မည်သည့် နေရာတွင် ရှိသနည်း။

အချက် (၉)။ ။

 သင်၏ သမ္မာကျမ်းစာအား ဖတ်ရှု့ ဘာသာပြန် အဓိပ္ပာယ်ဖွင့်ဆိုမှုသည် မှန်ကန်မှုရှိကြောင်း မည်သို့ သိနိုင်ပါသနည်း။

အချက် (၁၀)။ ။ 

သမ္မာကျမ်းစာသည် သမ္မာကျမ်းစာအုပ်အတွင်းတွင် မည်သည့် ကျမ်းစာများ ပါဝင်ရမည်ကို မည်သို့ သိခဲ့သနည်း။

တစ်ခုတည်းသော ယုတ္တိဆန် ကျိုးကြောင်းဆီလျော်သော နိဂုံးချုပ် အဖြေကို ပေးရမည်ဆိုသော် သမ္မာကျမ်းစာသည် မိမိတို့၏ တစ်ခုတည်းသော လမ်းညွှန်ဖြစ်သည်ဟု ဆိုခြင်းသည် ကျမ်းစာနှင့် မကိုက်ညီကြောင်း တွေ့နိုင်ပေသည်။ အသင်းတော်သည် ရှေးဦး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပေသည်။


မေး - သခင်ယေဇူးသည် သူ၏ အသင်းတော်ကို မည်သည့်အချိန်တွင် တည်ထောင်ခဲ့သနည်း။


သခင်ယေဇူးသည် သူ၏ အသင်းတော်ကို အောက်ဖော်ပြပါ နှုတ်တော်ထွက် စကားဖြင့် တည်ထောင်ခဲ့ခြင်း ဖြစ်လေသည်။ ၎င်းကို ရှင်မဿဲ၊ ရှင်မာတေဦး ခရစ်ဝင် အခန်းကြီး ၁၆ အခန်းငယ် ၁၈ တွင် မြင်တွေ့နိုင်ပါသည်။

“ငါဆိုသည်ကား သင်သည် ပေတရု ဖြစ်၏။ (ပေတရု ဆိုသည်မှာ ကျောက်ဟု အဓိပ္ပာယ်ရသည်၊) ဤကျောက်ပေါ်မှာ ငါ၏ အသင်းတော်ကို တည်ဆောက်မည်။ ထိုအသင်းတော်ကို မရဏနိုင်ငံ၏ တံခါးတို့သည် မအောင်နိုင်ရာ၊” ဟု ပါရှိသည်။

ဆက်လက်၍ သခင်ယေဇူးသည် သမ္မာကျမ်းစာကိုသာ အခြေပြုသော အသင်းတော်ကို တည်ထောင်ခဲ့သည် မဟုတ်ပဲ သွန်သင်သော အသင်းတော်ကို တည်ထောင်ခဲ့ကြောင်း ဖော်ပြထားသော အခြား ကျမ်းပိုဒ်များကို ကြည့်ရအောင်ပါ။

(ရှင်မာတေဦး အခန်းကြီး ၂၈ - အခန်းငယ် ၁၉) တွင် သခင်ယေဇူးက “သင်တို့သည် သွား၍ နိုင်ငံအရပ်ရပ် လူမျိုးတကာတို့ကို “သွန်သင်”ကြလော့၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ နာမတော်အားဖြင့် ဆေးကြောခြင်းပေးကြလော့။”

(ရှင်မာကု ၁၆ -၁၅) တွင် သခင်ယေဇူးက “သင်တို့သည် လောကီနိုင်ငံ အရပ်ရပ်သို့ သွား၍ ဝေနေယျသတ္တဝါ အပေါင်းတို့အား ဧဝံဂေလိ သတင်းကောင်းကို ဟောကြလော့။”

(ရှင်မာကု ၁၆ - ၂၀) တွင် “တပည့်တော်တို့သည်လည်း ထွက်သွား၍ နေရာအနှံ့၌ ဟောပြောကြလေသည်။ သခင်ဘုရားသည် ၎င်းတို့နှင့် အတူရှိတော်မူလျက် ဟောကြားသော တရားဒေသနာတော်အား တန်ခိုးလက္ခဏာအားဖြင့် တည်စေတော်မူသည်။”

တမန်တော် တပည့်တော်ကြီးများသည် ဓမ္မသစ်ကျမ်းအား ဖတ်ရှု့ခဲ့သည်မဟုတ်ပေ။ ဓမ္မသစ်ကျမ်းသည်လည်း ရေးသားရန် အစပြုချိန်၊ စရေးသားချိန်လည်းဖြစ်သည်။ တပည့်တော်ကြီးများသည် “နှုတ်ဖြင့် သမ္မာတရား”ကို သွန်သင်ပေးတော်မူလျက် tradition ထုံးတမ်းအစဉ်အလာအားဖြင့် သင်ကြားသာသနာပြုခဲ့ကြောင်း အောက်ဖော်ပြပါ ကျမ်းပိုဒ်တွင် တွေ့မြင်နိုင်သည်။

သက်ဆာလောနီးယမ်း သြဝါဒ ဒုတိယစောင် အခန်းကြီး ၂ အခန်းငယ် ၁၅ တွင် “ထို့ကြောင့် ညီအစ်ကိုတို့ ငါတို့ နှုတ်ထွက်စကားအားဖြင့် ဖြစ်စေ၊ သြဝါဒ ပေးစာများဖြင့် ဖြစ်စေ သင်တို့ သင်ယူရရှိခဲ့သော traditions ထုံးတမ်းအစဉ်အလာများကို စောင့်ထိန်းလျက်နေကြလော့။

တိမောသေ ဒုတိယစောင် အခန်းကြီး ၂ အခန်းငယ် ၂ တွင် “သက်သေ လူအများဖြင့် ငါ့ထံမှ ကြားရပြီဖြစ်သော အရာတို့ကို သူတပါးအား ပြန်လည် သွန်သင်ပေးမည့် ယုံကြည်သူများအား ပြန်လည် ပေးအပ်မျှဝေကြလော့။”



မေး - သမ္မာကျမ်းစာသည် မည်သို့ စတင်ပေါ်ပေါက်လာသနည်း။


သမ္မာကျမ်းစာတော်မြတ်သည် ကက်သလစ် အသင်းတော်မှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဓမ္မသစ်ကျမ်းအား အေဒီ ခရစ်သက္ကရာဇ် ၃၉၇ ခုနှစ်တွင်မှ ကာသေ့ခ်ျ သာသနာ့ အစည်းအဝေးတွင် အသင်းတော်မှ ဆရာတော်ကြီးများ ကျမ်းတတ်ပုဂ္ဂိုလ်များ စုစည်းအတည်ပြုကာ တစုတစည်းတည်း ပြုစုနိုင်ခဲ့ခြင်း ဖြစ်သည်။ အခြားသော ကျမ်းစာအုပ်ငယ် ပေါင်းများစွာအား ထိုသို့ သမ္မာကျမ်းစာ အဖြစ် တစုတစည်းတည်း မသတ်မှတ်နိုင်သေးခင်တွင် ထိုကျမ်းစာအုပ်ငယ် များစွာသည် မတူညီသော နေရာ အနှံအပြားတွင် ပျံ့ကြဲတည်ရှိနေသည် ဖြစ်သည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ရှေးဦး ကက်သလစ်အသင်းတော်သည် နှစ်ပေါင်း ၃၀၀ ကျော်၊ သမ္မာကျမ်းစာ မရှိသော်လည်း ရှေးဦးခရစ်ယာန်များအား tradition ထုံးတမ်းအစဉ်အလာအားဖြင့် သွန်သင်ခဲ့ခြင်း ဖြစ်သည်။


မေး - မည်သူသည် သမ္မာကျမ်းစာအတွင်း မည်သည့် ကျမ်းစာအုပ်ငယ်များ ထည့်သွင်းရမည်ကို ဆုံးဖြတ်ခဲ့ပါသနည်း။


ကက်လသစ် အသင်းတော်မှ ကျမ်းစာအုပ်ငယ်များအားလုံးကို အသေးစိတ် လေ့လာသုံးသပ်ခြင်းအားဖြင့် မည်သည့် ကျမ်းစာအုပ်ငယ်များသည် ဝိညာဉ်တော် ဘုရား၏ လှုံ့ဆော်မှုဖြင့် ရေးသာသည်၊ မရေးသားသည်ကို ဆုံးဖြတ်တိုင်းတာကာ ဓမ္မသစ်ကျမ်းတွင် မည်သည့် ကျမ်းစာအုပ်ငယ်များကို ထည့်သွင်းရမည်ကို ဆုံးဖြတ်ခဲ့ပါသည်။ ကက်သလစ် ရသေ့ ဘုန်းတော်ကြီးများသည် သန့်ရှင်းသော ကျမ်းစာတော်မြတ်ကို လက်ရေးအားဖြင့် ထပ်ခါထပ်ခါ ကူးယူ ရေးသားခြင်းအားဖြင့် အေဒီ ၁၄၄၀ ခုနှစ် ပုံနိုပ်စက် မပေါ်ခင် အချိန်အထိ ၎င်းတို့ ဘဝကို ဆက်ကပ်ကုန်ဆုံးစေခဲ့ပါသည်။ ပုံနိုပ်စက်ကို တီထွင်ပြီးပါသော်လည်း ကျမ်းစာ တစ်အုပ်စီအား အိမ်သားတိုင်း ကိုင်ဆောင်နိုင်ရန်အတွက်မူ လွန်စွာ တန်ဖိုးကြီး ဈေးကြီး လှပေသည်။ ပုံနိုပ်စက် တီထွင်သူ ဂူတင်ဘက်သည် ကက်သလစ် အသင်းတော်၏ သမ္မာကျမ်းစာတော်မြတ်ကို ပထမဦးစွာ ပုံနိုပ်ခဲ့ပါသည်။ သက္ကရာဇ် ၁၅၃၄ ခုနှစ်အထိ မာတင်လူသာ ဘာသာပြန်ထားသော ကျမ်းစာအုပ် ပေါ်ထွက်လာခြင်း မရှိသေးချေ။


မေး - သမ္မာကျမ်းစာထဲတွင် သမ္မာကျမ်းစာသည်သာလျှင် တစ်ခုတည်းသော အချုပ်အခြာ အာဏာဖြစ်သည်ဟု မည်သည့် ကျမ်းပိုဒ်တွင် ဖော်ပြထားပါသနည်း။


မဖော်ပြထားပါ။ သမ္မာကျမ်းစာ၏ မည်သည့် နေရာ မည်သည့်ကျမ်းပိုဒ်တွင်မှ ခရစ်ယာန်တစ်ဦးအတွက် သမ္မာကျမ်းစာသည် တစ်ခုတည်းသော အချက်အလက်စုစည်းရာ အရင်းအမြစ်ဖြစ်သည်ဟု မဖော်ပြထားချေ။ သမ္မာကျမ်းစာ အမှန်တကယ် ဖော်ပြထားသည်မှာ သမ္မာကျမ်းစာအား မှန်ကန်စွာ အဓိပ္ပာယ် ဖွင့်ဆိုနိုင်ရန် အလို့ငှာ အသင်းတော်ကို အားထားရမည်ဟု ဖော်ပြထားသည်။ ယခု ဆက်လက်၍ မိမိကိုယ်ပိုင် ပုဂ္ဂလိက အမြင်ဖြင့် သမ္မာကျမ်းစာအား အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် မဖြစ်သင့်၊ မသင့်လျော်ကြောင်းကို ဖော်ပြထားသော ကျမ်းပိုဒ်များကို လေ့လာကြည့်ကြပါစို့။

(ရှင်ပေတရု ဒုတိယ သြဝါဒစောင် အခန်းကြီး ၁ အခန်းငယ် ၂၀)တွင် “သမ္မာကျမ်းစာတွင် ပါဝင်သော အနာဂတ္တိစကားတော် prophecy of the scripture သည် မိမိ ကိုယ်ပိုင် ပုဂ္ဂလိက အမြင် အဓိပ္ပာယ် ဖွင့်ဆိုခြင်းမှ ထွက်ပေါ်လာသည် မဟုတ်ဟု ရှေးဦးစွာ သိမှတ်ကြလော့။”

(ရှင်ပေတရု ဒုတိယ သြဝါဒစောင် အခန်းကြီး ၃ အခန်းငယ် ၁၆) တွင် “ပေးစာကျမ်းများတွင် နားလည်ရန် ခက်ခဲသော အရာတချို့ ပါရှိတတ်၏။ မတတ်သောသူ၊ တည်ကြည် ဖြောင့်မတ်ခြင်း မရှိသော သူတို့မူကား အခြားသော ကျမ်းစာ၏ အနက်အဓိပ္ပာယ်ကို မှောက်လှန်တတ်ကြခြင်းဖြင့် မိမိကိုယ့်ကို ပျက်ဆီးခြင်းသို့ တွန်းပို့ကြသည်။”

(တမန်တော် ဝတ္ထု အခန်းကြီး ၈ အခန်းငယ် ၃၀) – “တမန်တော်ကြီး ဖိလစ်သည် အီသီယိုပီးယား အမတ်ကြီးတစ်ဦးသည် ပရောဖက် ဟေရှာယ ကျမ်းစာကို ဖတ်သည်ကို ကြားသဖြင့် ထိုအရာရှိအနားသို့ သွား၍ ‘သင်သည် သင်ဖတ်နေသော ကျမ်းစာကို နားလည်သည်ဟု ထင်ပါသလော၊’ ဟု မေးပါသည်။ ထိုအခါ အမတ်ကလည်း ‘သွန်သင်ပဲ့ပြင်သော သူမရှိလျှင် အဘယ်သို့ နားလည်နိုင်ပါမည်နည်း၊’ဟု ဆိုပြီးမှ တမန်တော်ကြီး ဖိလစ်သည် မိမိနှင့် အတူ ထိုင်၍နေပါရန် ပန်ကြားအလိုရှိပါသည်။”


မေး - ထိုသို့ဆိုလျှင် မည်သူသည် သမ္မာကျမ်းစာတော်မြတ်အား ကိုးကား သင်ပြသွန်သင်ပေးနိုင်သည့် ဆရာဖြစ်သနည်း။


ထိုဆရာမှာ ကက်သလစ် အသင်းတော်အားဖြင့် လှုပ်ရှားသက်ဝင်နေသော သန့်ရှင်းသော ဝိညာဉ်တော် ဘုရားပင် ဖြစ်ပါသည်။ သမ္မာကျမ်းစာအား မတူညီသော အဓိပ္ပာယ်ဖွင့်ဆိုခြင်းပြုခြင်းကြောင့်လည်း အခြားခရစ်ယာန် အသင်းပေါင်း ၄ သောင်းကျော် ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။ ထိုသို့သော ရှုပ်ထွေးကွဲပြားမှုများကို သန့်ရှင်းသော ဝိညာဉ်တော်ဘုရားအနေဖြင့် ဖြစ်စေသည် မဟုတ်ပေ။ အချို့ ပရိုတက်စတင့် ခရစ်ယာန်အသင်းဂိုဏ်းဝင်များသည် ငယ်ရွယ်စဉ် ဆေးကြောခြင်း ပေးခြင်းအား လက်ခံကြသော်လည်း အခြား မတူညီသော ပရိုတက်စတင့် ခရစ်ယာန်အသင်းဂိုဏ်းဝင်များသည် ထိုသို့ လက်မခံကြပါ။ ပရိုတက်စတင့် ခရစ်ယာန်များ၏ ခရစ်ယာန်ဆိုင်ရာ ယုံကြည်ခြင်းသည် တစ်စုတစည်းတည်း တည်မြဲ မရှိပေပါ။ သို့သော် ကက်သလစ် အသင်းတော် အနေဖြင့် မိမိတို့တွင် တစ်ခုတည်းသော တူညီသည့် ယုံကြည်ရာ အစုရှိပါသည်၊ မိမိတို့အား ဦးဆောင်လမ်းပြနိုင်ရန် ခေါင်းဆောင် (ပုပ်ရဟန်းမင်းကြီး) တစ်ပါးရှိပါသည်။

(ရှင်ယောဟန် ခရစ်ဝင်ကျမ်း အခန်းကြီး ၁၄ အခန်းငယ် ၂၆) ယေဇူးက “ခမည်းတော်ဘုရားသည် ငါ၏ နာမတော်အားဖြင့် သွန်သင်သူ သန့်ရှင်းသော ဝိညာဉ်သော ဝိညာဉ်တော်ဘုရားကို စေလွှတ်တော်မူလိမ့်မည်။ (သန့်ရှင်းသော ဝိညာဉ်တော်ဘုရား) သူသည် သင်တို့အား အရာခပ်သိမ်းတို့အား ပြသသွန်သင်တော်မူပြီး ငါကိုယ်တော် မိန့်မှာခဲ့သမျှသော စကားတို့ကို မှတ်မိသော ဥာဏ်ကို သင်တို့အား ပေးတော်မူမည်။”

(ရှင်ယောဟန် ခရစ်ဝင်ကျမ်း အခန်းကြီး ၁၆ အခန်းငယ် ၁၃) တွင် "သမ္မာတရား အမှန်တရား၏ ဝိညာဉ်တော် သန့်ရှင်းသော ဝိညာဉ်တော်ဘုရား ဆင်းသက်လာသော အချိန်တွင် ဝိညာဉ်တော်သည် သင်တို့အား ပြီးပြည့်စုံသော အမှန်တရားသို့ လမ်းပြပို့ဆောင်ပေးလိမ့်မည်။"

(တမန်တော် ဝတ္ထု အခန်းကြီး ၁ အခန်းငယ် ၈) တွင် “သို့သော် သင်တို့အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား ဆင်းသက်လာသောအခါ သင်တို့သည် စွမ်းအင် ခွန်အား ရရှိကြ၍ ဂျေရုစလင်မြို့မှ စ၍ ယုဒပြည် ရှမာရိယပြည် အပြင် မြေကြီး စွန်းတိုင်အောင် ငါ၏ သက်သေခံများဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူသည်။”

ရှေးဦး ခရစ်ယာန်အသင်းတော်တွင် အရေးကြီးသော ယုံကြည်ခြင်းဆိုင်ရာ မေးခွန်းများ ဖြေကြားရန် လိုအပ်သည့်အခါ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ လမ်းညွှန်ဦးဆောင်မှုဖြင့် အသင်းတော် အစည်းအဝေး ကောင်စီဖြင့် ဆုံးဖြတ်ချက်ချ ဖြေဆိုရန် စုဝေးခဲ့ကြသည်။

(တမန်တော် ဝတ္ထု အခန်းကြီး ၁၅ အခန်းငယ် ၁ - ၂) တွင် “စိန်ပေါလ်နှင့် သူ၏တပည့် ဘာနဘက်စ်တို့သည် ၎င်းတို့နှင့် ဆက်လက် ငြင်းခံဆွေးနွေးခြင်း မပြုတော့သည့်အခါတွင် ၎င်းတို့သည် စိန်ပေါလ်၊ ဘာနဘက်စ်နှင့် တဘက်မှ ဆွေးနွေးငြင်းခုံလိုသူများသည် ထိုမေးခွန်းများကို ဆွေးနွေးရန် ဂျေရုစလင်မြို့ရှိ တမန်တော်ကြီးများနှင့် ဘုန်းတော်ကြီးများသို့ သွားရောက်သင့်ကြောင်း ဆုံးဖြတ်ကြသည်။”

(ထိုကျမ်းပိုဒ်ငယ်တွင် ကောင်စီ သာသနာ့ အစည်းအဝေးသည် မတူကွဲပြားမှုကို ဖြေရှင်းအတည်ပြုရန် သမ္မာကျမ်းစာအား အသုံးပြုခြင်း မရှိကြောင်း တွေ့နိုင်သည်။)

(တမန်တော် ဝတ္ထု အခန်းကြီး ၁၆ အခန်းငယ် ၄)တွင် “သူတို့သည် မြို့များကို ဖြတ်သန်းသွားစဉ်တွင် ယေရုစလင်မြို့ရှိ တမန်တော်ကြီးများနှင့် အကြီးအကဲများတို့ ထုတ်ပြန်ထားသော စောင့်ထိန်းလိုက်နာမည့် စည်းကမ်းတို့ကို ၎င်းတို့အား ပေးအပ်ကြလေသည်။ ထိုအခါ ထိုအသင်းတော် သာသနာနယ်များသည် ယုံကြည်ခြင်း၌ တည်ကြည်မြဲမြံသည် ဖြစ်၍ အရေအတွက်အားဖြင့် တနေ့ထက် တနေ့ တိုးပွားများပြားကြကုန်၏။”


အချုပ်ဆိုရမည်ဆိုလျှင်


သမ္မာကျမ်းစာအား ကက်သလစ် ခရစ်ယာန်များမှ တန်ဖိုးမထားသည် မဟုတ်ပေ။ သမ္မာကျမ်းစာသည် ကက်သလစ် ခရစ်ယာန် ယုံကြည်ခြင်းအတွက် လွန်စွာမှာ အရေးကြီးပါသည်။ ကက်သလစ် ခရစ်ယာန်များ၏ ဘုရားကျောင်း မစ္ဆားတရားသည် သမ္မာကျမ်းစာမှ ကျမ်းပိုဒ်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားခြင်း ဖြစ်ပါသည်။ ကက်သလစ်များ အနေဖြင့် သမ္မာကျမ်းစာသည် ကက်လသစ် အသင်းတော်၏ သွန်သင်ချက်များနှင့် အတူ ယှဉ်တွဲ၍ လွန်စွာ လိုအပ်လှကြောင်း ယုံကြည်ကြပါသည်။

ကက်သလစ် အသင်းတော် အနေဖြင့် သမ္မာကျမ်းစာတော်မြတ်နှင့် အသင်းတော်နှစ်ခု စလုံး လိုအပ်သည်။ ထိုအသင်းတော်နှင့် သမ္မာကျမ်းစာတွင် တစ်ခုမရှိပဲ ကျန်တစ်ခုသည် တည်မြဲခြင်း မရှိနိုင်ဟု မိမိတို့ ကက်လသစ်များ ယုံကြည်ကြသည်။

*(မှတ်ချက်။ ။ Facebook တွင် ရှိသည့် ပို့စ်ကို ကူးယူထားခြင်းဖြစ်သည်။) 

No comments

Theme images by dino4. Powered by Blogger.