နှစ် (၁၀၀) ပြည့် ဖာတီမာ မယ်တော်


နှစ် (၁၀၀) ပြည့် ဖာတီမာ မယ်တော် 

- ပေါ်တူဂီနိုင်ငံ ဖာတီမာမြို့တွင် အမိမယ်တော် ထင်ရှားပြသည်မှာ နှစ် တစ်ရာ ပြည့်လေပြီ။ နှစ် (၁၀၀) ပြည့်သည့် ဤနှစ်တွင် ဖာတီမာဟူသည့် နာမည်ဆိုင်ရာ အကြောင်းအရာတို့အား ဝေမျှလိုက်ရပါသည်။

- လွန်ခဲ့သော နှစ်ပေါင်း တစ်ရာ ၁၉၁၇ ခုနှစ်တွင် အမ်ိမယ်တော်သည် သိုးကျောင်းသည့် ကလေးငယ် ၃ ဦးအား ဖာတီမာမြို့တွင် ထင်ရှားပြခဲ့သည်။

- သို့သော် ဖာတီမာဟူသည့် နာမည်အကြောင်း သတိပြုမိသူ နည်းပါးပေလိမ့်မည်။

- သမိုင်းကြောင်းဖြင့် အစပြုပြောရလျှင် အေဒီ ၁၂ ရာစုတွင် ခရစ်ယာန် စစ်သည်တော်များသည် မွတ်စလင်များ သိမ်းပိုက်ထားသည့် စပိန်နှင့် ပေါ်တီဂီ မြို့ပြများအား ပြန်လည် တိုက်ခိုက် သိမ်းပိုက်နေချိန် ဖြစ်သည်။

- ထိုအချိန်ကာလတွင် ခရစ်ယာန် စစ်သူကြီး Gonçalo Hermigues နှင့် သူ၏ စစ်တပ်သည် ဖာတီမာဟု အမည်ရသော မွတ်စလင် မင်းသမီးအား တိုက်ပွဲတစ်ခုတွင် ဖမ်းဆီးရမိခဲ့သည်။

- ပုံပြင်ဇာတ်လမ်းများအရ ဖာတီမာ မင်းသမီးနှင့် ခရစ်ယာန် စစ်သူကြီး Gonçalo Hermigues တို့သည် ချစ်ကြိုက်ခဲ့ကြကာ စေ့စပ်ခဲ့သည်။

- မင်္ဂလာလက်ထပ်ပွဲ မကျင်းပမီ ဖာတီမာ မင်းသမီးသည် ဆေးကြောခြင်း ခံယူခြင်း၍ ခရစ်ယာန် ယုံကြည်ခြင်းအား ခံယူခဲ့သည်။

- ဆေးကြောခြင်း ခံယူပြီးနောက် ဖာတီမာ မင်းသမီးသည် Oureana ဟူသည့် အမည်အား ရယူခဲ့သည်။

- နောက်ပိုင်းတွင် ထိုမင်းသမီးအား အစွဲပြု၍ မြို့၊ ရွာများအား ဖာတီမာ Fatima နှင့် Oureana အမည်ဖြင့် အစွဲပြု အမည်ပေးခဲ့သည်။

- ဖာတီမာဟူသည့် အမည် မူရင်းမှာ မိုဟာမက်၏ သမီးများမှ တစ်ဦး၏ အမည်လည်း ဖြစ်သည်။

- Fatimah bint Muhammad, Daughter of Mohammad မိုဟာမက်၏ ဖာတီမာဟု ခေါ်သည်။

- ထူးဆန်းသည်မှာ အစ္စလာမ် ယုံကြည်မှုတွင် ဖာတီမာအား အလေးအနက်ထားကြခြင်း ဖြစ်သည်။ သမီးတော် ဖာတီမာအား မိုဟာမက်က al-Zahra (Shinning One) ထွန်းလင်းတောက်ပသူဟု ညွှန်းဆိုဖော်ပြဖူးသည်။ ဖာတီမာ သမီးတော်နှင့် ပတ်သက်၍ မိုဟာမက်က ဤသို့ ပြောခဲ့ဖူးသည်။ “ကောင်းကင်နိုင်ငံတော်တွင် အမိမယ်တော် မာရီးယားပြီးလျှင် ဖာတီမာ သမီးတော်သည် အမျိုးသမီးများထဲတွင် အမြင့်မြတ်ဆုံး ဖြစ်သည်၊”ဟုလည်း မိုဟာမက်က ပြောခဲ့ဖူးသည်။

- အစ္စလာမ်ဘာသာတွင် အမိမယ်တော် မာရီးယာအား ကက်သလစ်များ ယုံကြည်လက်ခံသကဲ့သို့ ကညာစင်အဖြစ် မသတ်မှတ်သော်လည်း အမြင့်ဆုံး လေးစားသမှုပြုသည့် အဆင့်အထိ သတ်မှတ်ပေးထားသည်။

- အမိမယ်တော်အား ကက်သလစ် ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာတိုိ့အကြား လေးစားမှု ပြုခြင်း တူညီကြသည် ဖြစ်သဖြင့် ၂၀၁၄ ခုနှစ်တွင် ကျင်းပခဲ့သော ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဆုတောင်းပွဲ ဆွေးနွေးပွဲတွင် အမိမယ်တော်အား ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ရန်အတွက် တံတား၊ တံခါးတစ်ခု ဖြစ်ကြောင်း ဘာသာပေါင်းစုံ ဆွေးနွေးခြင်းအတွက် ရဟန်းမင်းကြီး ကောင်စီ၏ အတွင်းရေးမှူးဖြစ်သူ ဖာသာရ် မီဂွဲလ် အိန်ဂျယ် အယူဆို Fr. Miguel Angel Ayuso, Secretary of the Pontifical Council for Interreligious Dialogue က ဤသို့ ပြောခဲ့သည်။

“မွတ်စလင် ဘာသာဝင်များက ခရစ်တော်၏ ကညာစင် မယ်တော်၊ မေရီအား လေးစားအသိအမှတ်ပြုခြင်း၊ သဒ္ဒါတရားဖြင့် ကြည်ညိုခြင်း ရှိသည်အား ကက်သလစ် ခရစ်ယာန် အသင်းတော်အနေဖြင့် အားရ အသိအမှတ်ပြုပါသည်။

မယ်တော် မေရီ၏ နာမည်သည် ကိုရမ်ကျမ်းတွင် ကြိမ်ဖန်များစွာ ဖော်ပြခြင်း ခံရပါသည်။

အစ္စလာမ်တို့အနေဖြင့် အမိမယ်တော် မေရီအား လေးစားသမှုရှိသည်မှာ သိသာလွန်းသည်ဖြစ်ရာ ကိုရမ်ကျမ်းတွင် အမိမယ်တော်အား

‘Alayha l-salam’ သူမ အပေါ်၌ ငြိမ်သက်ခြင်း ရှိပါစေ၊ဟု ညွှန်းဆိုလေ့ရှိသည်။

အမ်ိမယ်တော် မေရီသည် မွတ်စလင်များနှင့် ခရစ်ယာန်များအတွက် စံပြကောင်း ဖြစ်ကာ ဘာသာကြီး နှစ်ရပ်အကြား ဆွေးနွေးရန်အတွက်လည်း စံနာမူနာကောင်းလည်း ဖြစ်ပေသည်။”

- အမေရိကန် နိုင်ငံမှ သူတော်စင် ဆရာတော်ကြီး Archbishop Venerable Fulton Sheen ဖူလ်တန် ရှန်က ဖာတီမာ မယ်တော်၊ မိုဟာမက်၏ သမီးတော်နှင့် ဖာတီမာမြို့တွင် အမိမယ်တော် ထင်ရှားပြတော်မူခြင်းတို့ကို ချိတ်ဆက်၍ ပြောကြားခဲ့ဖူးသည်။

“၂၀ ရာစုတွင် သန့်ရှင်းသော အမိမယ်တော်သည် လူသိထင်ရှားမှု မရှိသော ဖာတီမာ ကျေးရွာငယ်လေးတွင် ထင်ရှားပြခဲ့ခြင်းမှာလည်း အကြောင်းအရင်း ရှိပေသည်။ ထိုသို့ ထင်ရှားပြခြင်းကြောင့်လည်း ကောင်းကင်မှ ဖြစ်ပျက်လာသည့် အခြေအနေအားလုံးသည် အကြောင်းမရှိပဲ ဖြစ်လာသည် မဟုတ်ပေ။

ဖာတီမာ အမိမယ်တော်ဟု အမည်တွင်ခြင်းသည် မွတ်စလင် ဘာသာဝင်များအား မျှော်လင့်ခြင်း ရောင်ခြည် သဘောဖြစ်ပေသည်။ ဤသို့ဖြင့် မွတ်စလင်များသည် အမိမယ်တော်အား လက်ခံယုံကြည်မှု တိုးလာကာ အမိမယ်တော် မေရီ၏ သန့်ရှင်းမြင့်မြတ်တော်မူသော သားတော်ယေဇူးကို တစ်နေ့တွင် လက်ခံလာနိုင်ရန် အကြောင်းလည်း ဖြစ်ပေသည်။”



- ဖာတီမာ မယ်တော်ပွဲသို့ မွတ်စလင် ဘုရားဖူးများလည်း လာရောက်လည်ပတ်လေ့ရှိကြောင်း သတိပြုနိုင်သည်။

- မွတ်စလင်များအနေဖြင့် ကိုရမ်ကျမ်းတွင် အသိအမှတ်ပြု အခံရဆုံး အမိမယ်တော် မာရီးယား၏ ပွဲဖြစ်သလို မိုဟာမက်၏ သမီးတော် ဖာတီမာ နာမည်အား အစွဲပြုသည့် ပွဲနေ့ကြီးလည်း ဖြစ်သောကြောင့် ဖြစ်သည်။

- နိဂုံးချုပ်အားဖြင့်ဆိုရလျှင် ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေသည့် ဤခေတ်ကာလကြီးတွင် ဖာတီမာတွင် ထင်ရှားပြခဲ့သော အမိမယ်တော်သည် ခရစ်ယာန်များ ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းကြရန် သတင်းစကားပေးခဲ့လေသည်။

- အကြမ်းဖက်ခြင်းများအား အစ္စလာမ် ဘာသာ အမည်အား အထင်လွဲရန် အလွဲသုံးစားပြုလေ့သည်ရှိရာ ဤအချိန်မျိုးတွင် ဖာတီမာမယ်တော်အား ကိုးစားရန် အရေးကြီးလှပေသည်။

- ဖာတီမာတွင် ထင်ရှားပြခဲ့သော အမိမယ်တော်သည် ခရစ်ယာန်နှင့် မွတ်စလင် ဘာသာဝင်များအကြား နားလည်မှု ကွဲလွဲနေခြင်းအား ချစ်ကြည်ရေး ပေါင်းကူးတံတားထိုးပေးမည့် စံနမူနာလည်း ဖြစ်ပေသည်။



Reference ကိုးကားချက် - Alesia အင်တာနက် စာမျက်နှာမှ

ဘာသာပြန်သူ

Credit: Lawrence Jangma Mung Song

No comments

Theme images by dino4. Powered by Blogger.