ဖာတီမာတွင် အမိမယ်တော် လျှို့ဝှက်ချက်များ တတိယအပိုင်း

(5) Surprising revelations of the Third Secret of Fatima

ဖာတီမာတွင် အမိမယ်တော် လျှို့ဝှက်ချက်များ တတိယအပိုင်း

ဖာတီမာတွင် အမိမယ်တော် ထင်ရှားပြသည့် တတိယ အကြိမ်တွင် ဖော်ပြခဲ့သော လျှို့ဝှက်ချက်များအနက် နောက်ဆုံးအကြိမ် စိန့်လူစီယာ၏ ဖွင့်ဆိုချက် (တတိယ အပိုင်း)အား လေ့လာပြီးနောက် တွေ့ရှိချက် ၅ ချက်အကြောင်း 

Philip Kosloski (May 13, 2016)



သက္ကရာဇ် ၂၀၀၀ ခုနှစ်တွင် ကာဒီနယ် ရက်ဇင်ဂါ (လက်ရှိ ပုပ်ဘက်နဒစ်)သည် ဖာတီမာမြို့တွင် မယ်တော် ထင်ရှားပြခြင်းဆိုင်ရာ အမှတ်လက္ခဏာ၊ သင်္ကေတတို့အား ဆန်းစစ်သုံးသပ်ရန် တာဝန်ယူ လုပ်ဆောင်ခဲ့ရသည်။

၂၀၁၇ ခုနှစ်၊ မေလ ၁၃ ရက်နေ့သည် ဖာတီမာမြို့တွင် အမိမယ်တော် ထင်ရှားပြခဲ့သည်မှာ နှစ် ၁၀၀ ပြည့်သည့် နေ့ဖြစ်သည်။ ပြီးခဲ့သည့် ရာစုနှစ် တစ်ခုတွင် ကမ္ဘာအဝှမ်းရှိ လူအများက hidden message of the three “secrets” of Fatima ဖာတီမာ မယ်တော်၏ လျှို့ဝှက်ချက်များကို အမျိုးမျိုး ထင်မြင်ယူဆ အဓိပ္ပာယ်ဖွင့်ခဲ့ကြသည်။ သို့သော် ဖာတီမာ အမိမယ်တော်အား ရူပါရုံရခဲ့သူ စစ္စတာ လူစီယာက ထိုဖာတီမာ၏ လျှို့ဝှက်ချက်များဆိုင်ရာ “ရူပါရုံအား အဓိပ္ပာယ်ဖွင့်ဆိုမှုသည် ရူပါရုံရသူနှင့် မသက်ဆိုင် ကက်သလစ်အသင်းတော်နှင့်သာသက်ဆိုင်သည်၊”



“The interpretation belonged not to the visionary but to the Church.” ဟု ပြောကြားခဲ့သည်။

ထို့ကြောင့် ထိုလျှို့ဝှက်ချက်တို့အား ကက်သလစ် အသင်းတော် ဦးစီးဦးဆောင်ပြုသူများက အဓိပ္ပာယ်ဖွင့်ဆို၍ ဘုရားသခင် လိုလားသည့် သတင်းစကားအား ယုံကြည်သူ ခရစ်ယာန်များအား ချပြကာ ရှင်းလင်းသော ညွှန်ကြားချက်ပေးရန် တာဝန်ရှိပေသည်။

ထိုသို့ ဖာတီမာ ရူပါရုံရသူ စစ္စတာ လူစီယာ ပြောခဲ့သည့်အတိုင်း သက္ကရာဇ် ၂၀၀၀ ပြည့်တွင် ကက်သလစ် အသင်းတော်တွင် ဖြစ်လာသည်။ သက္ကရာဇ် ၂၀၀၀ တွင် Prefect of the Congregation for the Doctrine of the Faith ယုံကြည်ခြင်း သွန်သင်ချက်ဆိုင်ရာ ရဟန်းမင်းကြီး ရုံး တာဝန်ယူထားသူ ကာဒီနယ် ဂျိုးဇက် ရက်ဇင်ဂါသည် ဖာတီမာ မယ်တော်၏ နာမည်ကျော် “တတိယ လျှို့ဝှက်” “Third Secret” အား မှတ်ချက်ပြု၊ အဓိပ္ပာယ်ဖွင့်ဆို ရေးသားခဲ့သည်။ ကာဒီနယ် ရက်ဇင်ဂါ (ပုပ်ဘက်နဒစ်)သည် ဖာတီမာတွင် အမိမယ်တော် ရူပါရုံပြရာ၌ ပါဝင်သည့် အမှတ်လက္ခဏာ၊ သင်္ကေတတို့အား သုံးသပ်စူးစမ်းရန် ပုပ်ဂျွန်ပေါလ် (၂)က တာဝန်ပေးခဲ့သည်။ ယင်းနောက်တွင် ကာဒီနယ် ရက်ဇင်ဂါသည် အံ့သြဖွယ်ရာ တွေ့ရှိချက်များအား ရေးသားထုတ်ပြန်ခဲ့သည်။

(ဘာသာပြန်သူ၏ အမှာ - ဖာတီမာ၏ ပထမနှင့် ဒုတိယ လျှို့ဝှက်ချက်များအား စစ္စတာ လူစီယာက ထုတ်ပြန်ပြီး ဖြစ်သည်၊ တတိယ လျှို့ဝှက်ချက်အား ရူပါရုံရခဲ့သူ စစ္စတာ လူစီယာသည် သက္ကရာဇ် ၂၀၀၀ မှ ထုတ်ပြန်သဖြင့် အသင်းတော်သည် ထိုလျှို့ဝှက်ချက်အား အနက်အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။)



ကာဒီနယ် ရက်ဇင်ဂါ (ပုပ်ဘက်နဒစ်)သည် ဖာတီမာ ထင်ရှားပြမှုဆိုင်ရာ လေ့လာတွေ့ရှိချက် ၅ ချက်အား ရေးသား ထုတ်ပြန်ခဲ့သည်။ အောက်တွင် အမှတ်စဉ်အလိုက် လေ့လာတွေ့ရှိချက်များအား ဖော်ပြထားပါသည်။


(Penance!)
(၁)။ “အပြစ်မှ နောင်တယူ၍ အပြစ်သားများအတွက် ဒဏ်ဆပ်ဖြေရန်” 


“ဖာတီမာမယ်တော်၏ လျှို့ဝှက်ချက် တတိယပိုင်း Third Secret အဓိက သတင်းစကားမှာ အပြစ်အတွက် ဒဏ်ဆပ်ဖြေရန် ဖြစ်သည်။ ထိုသို့ မယ်တော်၏ မှာကြားချက်ကို သိရသည်နှင့် သမ္မာကျမ်းစာ၏ အစတွင် ဖော်ပြထားသော ကျမ်းပိုဒ်ကလေးကို သတိရမိသည်။ ရှင်မာတေဦး ၁း၁၅ တွင် ‘အပြစ်မှ နောင်တယူကြ၍ ဘုရားသခင်၏ သတင်းကောင်းအား ယုံကြည်ကြလော့’ဟု ဖော်ပြခဲ့သည်။ Signs of the Times ခေတ်အချိန်ကာလ၏ သင်္ကေတများအား နားလည်ခြင်းဟူသည်မှာ အပြစ်အတွက် ဒဏ်ဆပ်ဖြေရန် အထူးအရေးပေါ် လိုအပ်လာမှုအား လက်ခံခြင်း ဖြစ်သည်။ အပြစ်အတွက် ဒဏ်ဆပ်ဖြေခြင်းဟူသည်မှာ ယုံကြည်ခြင်းအတွက် ပြုပြင်ပြောင်းလဲခြင်း ရရှိရန် အတွက် ဖြစ်သည်။ ထိုသို့ အပြစ်မှ နောင်တယူကာ ဒဏ်ဆပ်ဖြေခြင်းသည် အန္တရာယ် များသော ယနေ့ ခေတ်အချိန်ကာလအတွက် မှန်ကန်သော တုံ့ပြန်လုပ်ဆောင်ချက် ဖြစ်ပေသည်။”ဟု ပုပ်ဘက်နဒစ်က မှတ်ချက်ပြု ရေးသားခဲ့သည်။

ဖာတီမာ မယ်တော်၏ အဓိက သတင်းစကားမှာ “အပြစ်မှ နောင်တယူ၍ အပြစ်သားများအတွက် ဒဏ်ဆပ်ဖြေရန်” ဖြစ်သည်။ မယ်တော်သည် လူသားအပေါင်းတို့ အပြစ်ဒုစရိုက် အပေါင်းအား ပစ်ပယ်ရန် လိုအပ်ကြောင်း သတိပေးနေသလို မိမိ ပြုမိသော အပြစ်များ၊ သူတပါးအပေါ် သက်ရောက်သည့် မိမိ ပြုခဲ့သော ဆိုးကျိုးများအား ပြန်လည် ပြုပြင်ရန် ဒဏ်ဆပ်ဖြေရန် ဆန္ဒရှိပါသည်။ အပြစ်မှ ဒဏ်ဆပ်ဖြေခြင်းသည် မယ်တော် ထင်ရှားပြခြင်း၏ လျှို့ဝှက်ချက်များအား နားလည်ရန် အဓိက သော့ချက်ကျပါသည်။ မယ်တော်ထင်ရှားပြစဉ် ဖော်ပြခဲ့သော အမှတ်လက္ခဏာ သတင်းစကားသည် ထိုသို့ ဒဏ်ဆပ်ဖြေခြင်းတွင်သာ ပိုမို မူတည်ပေသည်။ 


"We Have Forged the Flaming Sword".
(၂)။ ကျွန်ုပ်တို့သည် မီးတောက်နေသော ဓားအား ပန်းပဲဖြင့် ထုထောင်း ဖန်တီးနေသည်။


“ဖာတီမာ မယ်တော် ကိုယ်ထင်ပြချိန် စစ္စတာ လူစီယာအား ရူပါရုံပေးသည်မှာ ဘုရား၏ မယ်တော် ဘယ်ဘက်အခြမ်းတွင် မီးတောက်လောင်နေသော ဓားရှည်အား ကိုင်ဆိုင်နေသော ကောင်းကင်တမန်တော်နှင့် ပတ်သက်၍ ရှင်ယောဟန် အနာဂတ္တိကျမ်းတွင်လည်း အလားတူ ဖော်ပြထားသည်။ ထိုသို့ ကောင်းကင်တမန်တော်က မီးတောက်ဓားရှည်အား ကိုင်ဆောင်ထားသော သင်္ကေတသည် ကမ္ဘာလောကအား ဘုရားသခင်၏ တရားမျှတသော စီရင်ခြင်းတော့မည့် ကြောက်မက်ဖွယ်အခြေအနေအား ကိုယ်စားပြုသည်။ ကမ္ဘာလောကကြီးသည် ပူပြင်းလှသည့် မီးတောက်မီးလျှံ ပင်လယ်ကြီးကြောင့် ပြာမှုန့်အဖြစ်သို့ လျော့ကျသွားမည့် အခြေအနေသည် ယနေ့ခေတ်အတွက်တော့ မဖြစ်နိုင်သော ပုံပြင်ဒဏ္ဍာရီ မဟုတ်တော့ချေ။ လူသားကိုယ်တိုင် ထိုသို့သော အဖျက်အား ကြီးမားသည့် နည်းပညာများအား ဖန်တီးထားပြီး ဖြစ်ရာ ကောင်းကင်တမန်၏ မီးတောက်နေသော ဓားရှည်နှင့် အလားတူပင် ဖြစ်ပေသည်။ ထိုသို့သော ရှေ့ဖြစ်လာမည့် အဖျက်စွမ်းအင်များအား တန်ပြန်တုံ့ပြန်ရန် အတွက် အမိမယ်တော်သည် အပြစ်များအား ဒဏ်ဆပ်ဖြေခြင်းအား လူအများ ပြုလုပ်တတ်ရန် ဖိတ်ခေါ်သည်။”

(ဖာတီမာ ထင်ရှားပြသည့် ရူပါရုံအရ ကောင်းကင်တမန်၏ တောက်လောင်နေသော ဓားသည် အမိမယ်တော်နှင့် တွေ့သည်နှင့် ငြိမ်းအေးသွားလေသည်။)

ဖာတီမာ မယ်တော်ထံမှ ရရှိသော ရူပါရုံတွင် ဤအပိုင်းသည် လွန်စွာ စိတ်ခြောက်ခြားစရာကောင်းသည်။ ဤရူပါရုံအရ ဘုရားသခင်သည် ကျွန်ုပ်တို့ လူသားအားလုံးကို “မီးတောက်နေသော ဓားရှည်”ဖြင့် ဒဏ်ခတ်ရိုက်ချတော့မည် သကဲ့သို့ ဖြစ်နေသည်။ သို့သော် ကာဒီနယ် ရက်ဇင်ဂါက ထိုမီးတောက်နေသော ဓားရှည်မှာ ကောင်းကင်မှ ဆင်းသက်လာသည့် မီးမဟုတ်ပဲ မိမိတို့ လူသားများ ကိုယ်တိုင် ဖန်တီးသည့် အဖျက်လက်နက်သာ ဖြစ်ပေလိမ့်မည်ဟု ရေးသားမှတ်ချက်ပြုပါသည်။ သို့သော် သတင်းကောင်းမှာ စစ္စတာ လူစီယာရရှိသည့် ရူပါရုံအရ ကောင်းကင်တမန်၏ မီးတောက်လောင်နေသော ဓားရှည်သည် အမိမယ်တော်အား ထိတွေ့သောအခါ ငြိမ်းအေးသွားလေသည်။ ထိုအချက်သည် အမိမယ်တော် မိန့်မှာသည့် အပြစ်အတွက် ဒဏ်ဆပ်ဖြေခြင်း Penance ကို ပြုလုပ်ရန် ဆိုလိုခြင်း ဖြစ်သည်။ အမိမယ်တော်သည် ထိုအခြေအနေဆိုးအတွက် အားထားစရာ ဖြစ်ကာ ဘေးအန္တရာယ်ဆိုးကြီးပင် အမိမယ်တော်ကြောင့် ဝေးလွင့်သွားပေသည်။


"The Future Is Not Set in Stone".
(၃)။ အနာဂတ်ဟူသည်မှာ ကျောက်တုံးပေါ်တွင် ရေးသားထုထွင်းထားသည့် တရားသေ မပြောင်းလဲနိုင်သော အရာ မဟုတ်


လူသား၏ လွတ်လပ်ခြင်း အရေးပါပုံအား စောင်းပေးဖော်ပြထားသည်။ အနာဂတ်သည် ဤအတိုင်းဖြစ်ရမည်ဟု ရေးသား သတ်မှတ်ထားသည် မဟုတ်ပေ။ ရူပါရုံရသော ကလေးငယ် သုံးဦးအရ အနာဂတ်သည် ရုပ်ရှင်ဇာတ်လမ်း တစ်ပုဒ်ကဲ့သို့ ပြောင်းလဲ၍ မရသော ပုံရိပ်မဟုတ်ပေ။ ရူပါရုံအရ ဖွင့်ဆိုသည့် အဓိပ္ပာယ်မှာ လွတ်လပ်ခြင်းကို ဖော်ညွှန်းပြီး လမ်းကြောင်းမှန်သို့ ဦးတည်နိုင်ရန် လွတ်လပ်ခြင်းသည် အဓိက ပါဝင်ပေသည်။ ဖာတီမာ မယ်တော်တွင် ရခဲ့သော ရူပါရုံအရ လမ်းကြောင်းမှန်သို့ ဦးတည်နိုင်မည့် ပြောင်းလဲခြင်းဆိုင်ရာ အင်အားစုများအား ဖန်တီးနိုင်ရန် ရည်ရွယ်ပေသည်။”ဟု ကာဒီနယ်က ရေးသားထားသည်။

လူအများ လွဲမှားစွာ ထင်မြင်ယူဆသည်မှာ ဖာတီမာမယ်တော်၏ ရူပါရုံသည် အနာဂတ်တွင် ဘာဖြစ်လာမည်ဟူသည့်ကို ပုံဖော်ထားသည် မဟုတ်ပေ။ ထိုရူပါရုံများမှာ အမိမယ်တော် ညွှန်ကြားသည့် အတိုင်း မလုပ်ဆောင်လျှင် အနာဂတ်တွင် ဖြစ်နိုင်သည့် အခြေအနေဆိုးအား ဖော်ပြခဲ့ခြင်း ဖြစ်သည်။ မိမိတို့ အနေဖြင့် လွတ်လပ်သော စိတ်၊ လွတ်လပ်မှုကို အသုံးပြု၍ လူသား၏ အနာဂတ်ကောင်းကျိုးအတွက် လုပ်ဆောင်ရမည်။


"The Blood of Martyrs Is the Seed of the Church".
(၄)။ ယုံကြည်ခြင်းအတွက် အသက်ပေးသူ ခရစ်ယာန် အာဇာနည်များ၏ သွေးသည် ကက်သလစ် အသင်းတော်၏ မျိုးစေ့ဖြစ်သည်။


ဖာတီမာမယ်တော်၏ ရူပါရုံဆိုင်ရာ လျှို့ဝှက်ချက်၏ နိဂုံးချုပ် အဆုံးပိုင်းသည် စိတ်နှစ်သိမ့်စရာ အမြင် ဖြစ်သည်။ အဆုံးတွင် သွေးနှင့် မျက်ရည်ဖြင့် ပြည့်နေသော သမိုင်းအတွက် ဘုရားသခင်၏ ကယ်တင်ခြင်း အကြောင်းကို ထင်ဟပ်ဖော်ပြသည်။ ဖာတီမာ မယ်တော် ထင်ရှားပြခြင်းဆိုင်ရာ ရူပါရုံတွင် ကောင်းကင်တမန်တော်များသည် အသင်းတော်အတွက် အသက်ပေးလှူခဲ့သော အာဇာနည်များ၏ သွေးများကို ခရစ္စတူးကားတိုင် အောက်တွင် စုစည်းထားကာ ဘုရားသခင်ဆီသို့ ချဉ်းကပ်လိုသော ဝိညာဉ်များအား ထိုသွေးများအားဖြင့် အသက်တာကို ပေးနေသည်။ ခရစ်တော် အသေခံခြင်းမှ၊ ခရစ်တော်၏ နံဘေးတော် ဒဏ်ရာမှ စီးကျလာသော သွေးအသားတော်မှ ကက်သလစ် အသင်းတော်သည် ပေါက်ဖွားလာပါသည်။ ထို့ကြောင့် ခရစ်ယာန် ယုံကြည်သူ သက်သေခံများ၏ အသက်ပေးလှူခြင်းသည် အနာဂတ် ကက်သလစ် အသင်းတော်၏ အသက်တာအတွက် လွန်စွာ ပံ့ပိုးအထောက်အကူပြုပေသည်။ ထို့ကြောင့် ဖာတီမာ မယ်တော်၏ တတိယပိုင်း လျှို့ဝှက်ချက်သည် အစပိုင်း ကြားသိသူတို့အဖို့ အလွန်တရာ စိတ်ခြောက်ခြားမိ၊ ကသိကအောက် ဖြစ်ပါသော်လည်း အဆုံးသတ်ပိုင်းတွင် မျှော်လင့်ခြင်း ရောင်ခြည်သန်းနေပေသည်။ ဒုက္ခအခက်အခဲရောက်ခဲ့ခြင်းများ အားလုံးသည် အလဟသ မဖြစ်ပါ။ ကက်သလစ် ခရစ်ယာန် အသင်းတော်သည် ဒုက္ခခံနေသည့် အသင်းတော်ဖြစ်သည်။ အသက်ပေး ပေးဆပ်သည့် ခရစ်ယာန်တို့ဖြင့် တည်ဆောက်ထားသည်မှာ ကက်သလစ် အသင်းတော် ဖြစ်သည်။ ကက်သလစ် အသင်းတော်ဟူသည်မှာ ဘုရားသခင်ကို ရှာဖွေသော လူသားတို့အတွက် လမ်းပြမှတ်တိုင်ပင် ဖြစ်သည်။

ဖာတီမာတွင် ရရှိသည့် ရူပါရုံသည် ဒုက္ခခံစားနေရမှုများ၊ အခက်အခဲများ ပါဝင်သည်မှာ အမှန်ပင် ဖြစ်ပါသည်၊ သို့ပါသော်လည်း လူသားတို့ ဒုက္ခခံနေရမှုများသည် အလဟသ မဖြစ်သွားပေ။ ခရစ်ယာန်တို့သည် နောင်လာမည့် နှစ်ကာလများတွင်လည်း ဒုက္ခကြုံတွေ့ခံစား ပေးဆပ်ရမည်မှာ ဖြစ်နိုင်ပေသည်။ သို့သော် ထိုသို့ ကြုံကြိုက်လာလျှင် မအံ့သြသင့်ပေ။ ကက်သလစ် ခရစ်ယာန် အသင်းတော်သည် ခရစ်တော် သခင် ကားတိုင်ပေါ်တွင် အသေခံသည့် အချိန်ကတည်းက နှိပ်စက်ဖိနှိပ်ခံလာရသည် ဖြစ်ရာ ယနေ့ခေတ်ကာလတွင် ခရစ်ယာန်များအား ညှင်းပန်းနှိပ်စက်သည့် အခြေအနေများသည် အနာဂတ်တွင် ပိုမို ကောင်းမွန်သော အကျိုးဆက်များကိုသာ ရရှိပေလိမ့်မည်။


"Take Heart. I Have Overcome the World"
(၅)။ နှလုံးသား ခိုင်မြဲခြင်း ရှိကြလော့။ ငါသည် ဤလောကအား အောင်နိုင်ခဲ့သည်။


“အမိမယ်တော်က ‘ငါ၏ အပြစ်မဲ့သော နှလုံးသားသည် အဆုံးတွင် အောင်နိုင်လ်ိမ့်မည်၊’ဟု ရူပါရုံရစဉ် မိန့်ကြားခဲ့သည်။ ထိုစကားသည် ဘာကို ဆိုလိုသနည်း။ ဘုရားသခင်အတွက် တံခါးဖွင့်ထားသည့် နှလုံးသားသည် ဘုရားသခင်၌ ထောက်ရှုဆုတောင်းခြင်းဖြင့် သန့်ရှင်းလာမည် ဖြစ်ကာ ထိုနှလုံးသားမျိုးသည် သေနတ်၊ လက်နက်မျိုး အစုံကို အားကိုးခြင်းထက် ပိုမို သာလွန်ပေသည်။ ယနေ့ ခေတ်ကမ္ဘာတွင် မကောင်းဒုစရိုက်များ၏ ဖခင် စာတန်သည် လွန်စွာ စွမ်းပကား ကြီးပေသည်။ စာတန် မာန်နတ်သည် စွမ်းပကားကြီးလာရခြင်းမှာ ကျွန်ုပ်တို့ လူသားတို့ ပိုင်ဆိုင်သည့် လွတ်လပ်သော စိတ်ဖြင့် မကောင်းမှုဒုစရိုက်ကို သိသိကြီး ရွေးချယ်နေသောကြောင့် ဖြစ်သည်။ သို့သော် မကောင်းမှု ဒုစရိုက်အား ရွေးချယ်ရန် လွတ်လပ်ခွင့် ရှိခြင်းသည် အရာတိုင်း၏ အဆုံးသတ် မဟုတ်ပေ။ ဤနှုတ်ကပတ်တော် စကားအား မှတ်သား နာယူခြင်းဖြင့် ခွင့်အားယူရန် ကျွန်ုပ် မှာကြားလိုသည်။ ‘ဤကမ္ဘာလောကတွင် သင်သည် ဘဝလှိုင်းတံပိုးဒဏ် အခက်အခဲများကို ခံစားရမည် ဖြစ်သည်၊ သို့သော် နှလုံးသား ခိုင်မြဲခြင်း ရှိကြလော့။ ငါသည် ငါသည် ဤလောကအား အောင်နိုင်ခဲ့သည်၊’ ရှင်ယောဟန် ၁၆း၃၃ တွင် ဖော်ပြခဲ့သည်။ ဖာတီမာတွင် ပေးခဲ့သည့် သတင်းစကားသည် ထိုခရစ်တော်၏ ကတိတော်အပေါ် ယုံကြည်မှုရှိရန်သာ ညွှန်းဆို ရည်ရွယ်ခြင်း ဖြစ်ပေသည်။



နိဂုံးချုပ်ရမည်ဆိုလျှင် 


ဖာတီမာ မယ်တော် ထင်ရှားပြစဉ် ရူပါရုံပေးခဲ့သော “လျှို့ဝှက်ချက် Secret”များသည် လောဘ၊ တစ်ကိုယ်ကောင်းစိတ်ထားနှင့် စစ်ပွဲကြောင့် စုတ်ပြတ်သတ်နေသော ဤကမ္ဘာကြီး၏ အလယ်တွင် မျှော်လင့်ချက် သတင်းကောင်း ပေးခြင်းပင် ဖြစ်သည်။ စာတန် မာန်နတ်သည် အောင်နိုင်ခြင်းရှိလိမ့်မည် မဟုတ်၊ သူ၏ မကောင်းသည့် ဒုစရိုက် အစီအစဉ် အကြံဥာဏ်များသည်လည်း အမိမယ်တော် မာရီးယာ၏ အပြစ်မဲ့သော နှလုံးသားကြောင့် ပျက်စီးသွားပေလိမ့်မည်။ လာမည့် အချိန်ကာလတွင် ဒုက္ခအခက်အခဲများ တွေ့နိုင်ပါသည်၊ သို့သော် ကျွန်ုပ်တို့သည် ခရစ်တော်နှင့် အမိမယ်တော် မာရီးယာအား ဖက်တွယ် အားကိုးပါလျှင် ကျွန်ုပ်တို့အားလုံး၊ ကက်သလစ် ခရစ်ယာန်များသည် ဆက်လက်၍ အောင်ပွဲရ အောင်ပွဲခံနေဦးမည် ဖြစ်သည်။



ဘာသာပြန်သူ 

Credit: Lawrence Jangma Mung Song




No comments

Theme images by dino4. Powered by Blogger.