ဖာတီမာ မယ်တော် အကြောင်း အပိုင်း (၁)

ဖာတီမာ မယ်တော် အကြောင်း အပိုင်း (၁)
ဖာတီမာ မယ်တော်၏ ထင်ရှားပြခြင်းသည် ကက်သလစ် အသင်းတော် သမိုင်း၏ နှောင်းပိုင်း သမိုင်းတွင် လူသိများပြီး နာမည်အကျော်ကြားဆုံး ထင်ရှားပြမှု ဖြစ်ပေသည်။
လွန်ခဲ့သော နှစ် တစ်ရာက အမိမယ်တော်သည် ပေါ်တူဂီနိုင်ငံ ဖာတီမာဒေသရှိ ကွင်းပြင်တွင် သိုးကျောင်းနေသော ကလေးငယ် ၃ ဦးအား ထင်ရှားပြခဲ့သည်။ အမိမယ်တော်သည် ကလေးငယ်များအား စိပ်ပုတီး စိပ်ရန် တောင်းဆုိုခဲ့သလို၊ အပြစ်သားများအတွက်လည်း အနစ်နာခံ ပေးဆပ်ရန် တောင်းဆိုခဲ့သည်။ ၎င်းတို့အပြင် ယနေ့ ကမ္ဘာလောကကြီး၏ အနာဂတ် အဖြစ်အပျက်များနှင့် ပတ်သက်၍လည်း လျှို့ဝှက်ချက်များအား ပြောကြားသွားခဲ့သည်။
ဖာတီမာတွင် အမိမယ်တော်၏ ထင်ရှားပြခြင်းအား ဒေသဆိုင်ရာ ကက်သလစ် ဆရာတော်များက အသိအမှတ်ပြုသလို ယုံကြည်ဖွယ်ရာ အဖြစ် လက်ခံသတ်မှတ်သည်။ ထိုသို့ ဖာတီမာတွင် အမိမယ်တော်၏ ထင်ရှားပြမှုအား စစ်မှန်ကြောင်း အသိအမှတ်ပြုခြင်းသည် ကက်သလစ် အသင်းတော် နေဖြင့် အဆင့်အမြင့်ဆုံး အသိအမှတ်ပြုခြင်း ဖြစ်သည်။
ထူးဆန်းအံ့သြဖွယ်ရာများအား လေ့လာ သုတေသန ပြုသည့် ပညာရှင် Michael O’Neil က ဖာတီမာ ထင်ရှားပြခြင်းနှင့် ပတ်သက်၍ “အမိမယ်တော် ထင်ရှားပြတော်မူခြင်းများတွင် ရွှေအဆင့် စံနှုန်း သတ်မှတ်ချက်” ဖြစ်သည်ဟု ပြောခဲ့သည်။
အမိမယ်တော် ထင်ရှားပြတော်မူခြင်းများထဲတွင် ဖာတီမာမယ်တော်၏ ထင်ရှားပြခြင်းသည် ပြီးပြည့်စုံလှသည် ဖြစ်သည်။ ဖာတီမာတွင် လျှို့ဝှက်ချက်များ၊ ပရောဖက်ပြုခြင်း အနာဂတ်ဆိုင်ရာ ဟောချက်များ ပါဝင်သလို ဖာတီမာ မယ်တော် ထင်ရှားပြခြင်းအား သက်သေခံခဲ့သည့် (ထိုစဉ်က ကလေးငယ် အရွယ်) ရူပါရုံရသူများသည်လည်း ရဟန္တာအဖြစ် တင်မြှောက်ခြင်းခံရသည်။ ဖာတီမာ မယ်တော်ထင်ရှားပြသည့် နေရာတွင် ဘုရားကျောင်းကြီး Basilica တစ်ခု တည်ထားနိုင်ခဲ့သလို အခြားသော အသိအမှတ်ပြု အထိမ်းအမှတ်များစွာ ရှိသည်ဟု O’Neil က ဆက်လက် ပြောကြားခဲ့သည်။
miraclehunter.com ဖော်ပြပါ အင်တာနက် စာမျက်နှာတွင် အမိမယ်တော် ထင်ရှားပြခြင်း၏ တန်ခိုးအံ့ဖွယ်ရာများကို တွေ့ရှိမည် ဖြစ်ပေသည်။
ယခုနှစ် ၂၀၁၇ ခုနှစ်တွင် ပုပ်ဖရန်စစ်သည် မေလ ၁၂ - ၁၃ ရက်တို့၌ ဖာတီမာ မယ်တော် ထင်ရှားပြသည့် နေရာသို့ သွားရောက်ကာ မယ်တော် ထင်ရှားပြသသည့် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် မယ်တော်ပွဲနေ့အား ပါဝင်မည် ဖြစ်သည်။ ထိုပွဲတော်တွင် ပုပ်ဖရန်စစ်သည် အမိမယ်တော် ထင်ရှားပြသည်အား မြင်တွေ့ပြီး နှစ်အချို့တွင် ကွယ်လွန်ခဲ့သည့် ကလေးငယ် ၂ ဦးအား ရဟန္တာအဖြစ် တင်မြှောက်ခြင်းခံရသည်။
O’Neil က ဆက်လက်၍ “၁၉၁၇ ခုနှစ်တွင် ဖာတီမာ မယ်တော် မိန့်မှာခဲ့သည့် သတင်းစကားများသည် နှစ် တစ်ရာ ကြာမြင့်လာပြီ ဖြစ်လင့်ကစား ယနေ့အထိ လက်တွေ့နှင့် ထင်ဟပ်မှန်ကန်နေဆဲ ဖြစ်သည်။ အမိမယ်တော် မိန့်မှာခဲ့သည့် အဓိက သတင်းစကားမှာ အပြစ်များမှ နောင်တရယူပြီး ပြုပြင်ပြောင်းလဲရန် ဖြစ်သည်။ ထို့ကြောင့် ဤ နှစ်တစ်ရာပြည့် ပွဲတော်တွင် အမိမယ်တော် မှာကြားခဲ့သည့် စိပ်ပုတီးစိပ်ခြင်းနှင့် ကိုယ်တော်မြတ် စက္ကရမင်တူးအား ပုံမှန် ပြုလုပ်ရန် လိုအပ်လှပေသည်။”ဟု မှာကြားခဲ့သည်။
သမိုင်းကြောင်း၁၉၁၇ ခုနှစ်တွင် ပေါ်တူဂီနိုင်ငံသည် အခြား နိုင်ငံများကဲ့သို့ပင် ပထမ ကမ္ဘာစစ်ကြီး ဖြစ်ပွားနေချိန် ဖြစ်သည်။ ပထမ ကမ္ဘာစစ်သည် ဥရောပတိုက်အား ဆိုးဝါးစွာ သက်ရောက်စေသည့် အချိန်တွင် ပေါ်တူဂီနိုင်ငံသည် မဟာမိတ် တပ်ပေါင်းစုများဖြင့် စစ်ပွဲတွင် ပါဝင်နေသည် ဖြစ်သည်။ ပေါ်တူဂီသည် ပထမ ကမ္ဘာစစ်ကြီးတွင် အာဖရိကရှိ ပေါ်တူဂီ ကိုလိုနီနယ်များအား ကာကွယ်ရန်နှင့် ဗြိတိသျှ ကုန်သွယ်ရေး လမ်းကြောင်းအား ကာကွယ်ပေးနေခဲ့သည့် တာဝန်ယူထားသည်။ စစ်ပွဲကာလတွင် စပိန် တုပ်ကွေးရောဂါ Spanish Flu နှင့် စားနပ်ရိက္ခာ ပြတ်လပ်မှုကြောင့် ၂၂၀,၀၀၀ ပေါ်တူဂီ နိုင်ငံသားများ အသက်ဆုံးရှုံးခဲ့ရသည်။ စစ်ပွဲကာလတွင် ကက်သလစ် ဘုန်းတော်ကြီးများအား မုန်းတီးသည့် Anti-Clericalism သည် အားကောင်းလာခဲ့သည်။
၁၈ ရာစုတွင် ပေါ်ပေါက်ခဲ့သည့် ပေါ်တူဂီ နိုင်ငံခေါင်းဆောင် Marquês de Pombal ၏ anti-Catholicism ကက်သလစ် ခရစ်ယာန် ဘာသာအား ဆန့်ကျင်သည့် လှုပ်ရှားမှုသည် ၂၀ ရာစုတွင် ပြန်လည် ခေါင်းထောင်လာကာ ၁၉၁၀ ခုနှစ် ပေါ်တူဂီ ပြည်သူ့ သမ္မတနိုင်ငံ အဖြစ် တည်ထောင်လိုက်ပြီးနောက် ကက်သလစ် ခရစ်ယာန် ဘာသာအား ပေါ်တူဂီ အစိုးရက ဆန့်ကျင်လာသည်။ ပေါ်တူဂီတွင် ၁၉၁၀ ခုနှစ် အစိုးရ ပြောင်းလဲပြီးသည်နှင့် ဘုရားကျောင်းများ၊ ကက်သလစ် စာသင်ကျောင်းများအား နိုင်ငံတော်ပိုင် သိမ်းသည်။ ရဟန်းတော်များ လူအများ သွားလာရာနေရာတွင် သင်္ကန်းဖြင့် သွားလာခွင့်၊ ဘုရားကျောင်း ခေါင်းလောင်တီးခွင့်၊ ဘာသာရေး ပွဲတော်များ ကျင်းပခွင့်တို့ကို အစိုးရက ပိတ်ပင်တားဆီးသည်။ ပေါ်တူဂီနိုင်ငံတွင် ၁၉၁၁ - ၁၉၁၆ ခုနှစ်အကြား ခရစ်ယာန် ဆန့်ကျင်ရေး အုပ်စုများကြောင့် ဘုန်းတော်ကြီး၊ ရသေ့၊ သီလရှင်ပေါင်း ၂၀၀၀ ကျော် အသက်ဆုံးရှုံးရသည်။
ထိုသို့သော ပေါ်တူဂီ နိုင်ငံ၏ သမိုင်းနောက်ခံ အခင်းအကျင်းတွင် အမိမယ်တော်သည် ၁၉၁၇ ခုနှစ်၊ ဖာတီမာမြို့၌ သိုးကျောင်းသည့် ကလေးငယ် သုံးဦးအား ကိုယ်ထင်ပြခဲ့ခြင်း ဖြစ်သည်။ အမိမယ်တော် ထင်ရှားပြစဉ် စစ်မက်ရေးရာ၊ ငြိမ်းချမ်းရေး၊ ဒုက္ခရောက်ခြင်း အကြောင်းနှင့် ပြုပြင်ပြောင်းလဲခြင်း အကြောင်းတို့အား မိန့်မှာခဲ့သည်။
အမိမယ်တော် ကိုယ်ထင်ရှား မပြခင် ကောင်းကင်တမန်တော်တစ်ပါး
၁၉၁၆ ခုနှစ်၊ နွေရာသီအချိန်တွင် မိသားစုတွင် ခုနှစ်ယောက်မြောက် ကလေးမလေး Lucia dos Santos လူစီယာသည် သူမ၏ မိန်းကလေး သူငယ်ချင်းများဖြင့် သိုးကျောင်းနေသည်။ သိုးကျောင်းရင်း ကလေးငယ်များ စိပ်ပုတီးစိပ်နေစဉ် ကောင်းကင်တမန်တော်သည် သုံးကြိမ်သုံးခါ ကိုယ်ထင်ရှားပြ၍ ကလေးမလေးတို့အား နှုတ်ဆိတ်စွာ ကြည့်နေသည်။ ထိုအကြောင်းအား ကလေးများက ပြောသဖြင့် မိခင်ဖြစ်သူက ကြားသောအခါ ယုတ္တိမရှိဟု ယူဆ၍ အလေးမထားချေ။
များမကြာမီ လူစီယာသည် သူမ၏ အစ်ကို ဝမ်းကွဲနှစ်ဦးဖြင့် သိုးကျောင်းပြန်သည်။ ထိုနေ့တွင် မောင်နှမ သုံးယောက်သည် ကစားလိုသဖြင့် နေ့ခင်းချိန်၌ စိပ်ပုတီးကို အလျှင်အမြန် စိပ်နေကြသည်။
စိပ်ပုတီးစိပ်ပြီးသည်နှင့် မောင်နှမ သုံးဦး ကစားသောအခါ ကောင်းကင်တမန်သည် ထင်ရှားပြတော်မူ၍ ကလေးငယ်များအား စကားစပြောလေသည်။ တမန်တော်က သူသည် “Guardian Angel of Portugal” ပေါ်တူဂီနိုင်ငံအား ကာကွယ်စောင့်ရှောက်သည့် သိကြားတမန် ဖြစ်ကြောင်း မိတ်ဆက်ကာ ကလေးငယ်များအား ဆုတောင်းခြင်း၌ အားမလျော့ရန်နှင့် အနစ်နာခံတတ်ကြရန် ပြောကြားသည်။ ခရစ်တော်နှင့် အမိမယ်တော်သည် လူသားတို့အတွက် “Plans of Mercy” “သနားကြင်နာခြင်းဆိုင်ရာ အစီအစဉ်” ရှိကြောင်း မှာကြားသည်။ ကောင်းကင်တမန်တော်သည် ကလေးငယ်များအား နောက်ဆုံး အကြိမ် ကိုယ်ထင်ပြရာ၌ ကလေးငယ်များအား ကိုယ်တော်မြတ် ပေးခဲ့သည်။
ထိုအဖြစ်အပျက်နှင့် ပတ်သက်၍ O’Neil က “ဒီဖြစ်စဉ်တွေက ထူးခြားတယ်။ ကောင်းကင်တမန်တော်များ ကိုယ်ထင်ပြတဲ့ အကြောင်းအရာ မှတ်တမ်းတွေ ထောင်ပေါင်းများစွာ ရှိတယ်။ ဒါပေမယ့် အမိမယ်တော် ကိုယ်ထင်ပြ ကြွလာခါနီး အခုလို တမန်တော်က ကြိုတင်ထင်ရှားပြတဲ့ အဖြစ်က ရှားတယ်၊”ဟု ပြောခဲ့ပါသည်။
ဖာတီမာတွင် အမိမယ်တော် ထင်ရှားပြခြင်း။တမန်တော် ထင်ရှားပြပြီး နောက်တစ်နှစ် ၁၉၁၇ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ပုပ်ဘက်နဒစ် (၁၅)သည် စစ်ပွဲကြီး အဆုံးသတ်ရန် ကမ္ဘာတဝှမ်းလုံးအား စာချွန်တော် ရေးသား ထုတ်ပြန်မှာကြားခဲ့သည်။ ပုပ်ဘက်နဒစ် (၁၅) စာချွန်တော် ရေးသားပြီးသည့် ၈ ရက်မြောက်နေ့တွင် အမိမယ်တော်သည် မေလ ၁၃ ရက်နေ့တွင် သိုးထိန်းနေသည့် ကလေးငယ် သုံးဦးအား ပထမဆုံး အကြိမ် ထင်ရှားပြသည်။ ကလေးငယ် သုံးဦးမှာ Lucia လူစီယာ (၁၀ နှစ်)၊ Francisco ဖရန်စ္စကို (၉ နှစ်)နှင့် Jacinta Marto ဂျဆင်းတာ မာတို (၇ နှစ်)တို့ ဖြစ်သည်။
အမိမယ်တော်သည် ယုံကြည်ခြင်း ထက်သန်သော ဖာတီမာမြို့ငယ်လေး အနီးရှိ Cova de Iria ဟူသည့် ကွင်းပြင်ရှိ သစ်ပင်ထိပ်တွင် “အဖြူရောင်အား ဝတ်ဆင်ထားကာ နေရောင်ထက်ပင် တောက်ပသည့် အမျိုးသမီး” အဖြစ် ထင်ရှားပြသည်။ အမိမယ်တော်သည် ထို Cova de Iria ကွင်းပြင်သို့ နောက်တစ်လ အကြာ ၁၃ ရက်နေ့တိတိတွင် ပြန်လည် လာရောက်ရန် မိန့်မှာခဲ့သည်။
အမိမယ်တော်သည် ပထမအကြိမ် ထင်ရှားပြစဉ် သူမ၏ အမည် နာမတော် အပြည့်အစုံအား ချက်ချင်း မဖော်ပြသေးသော်လည်း “ကောင်းကင်မှ” ဖြစ်ကြောင်း ကလေးငယ်များအား ပြောကြားခဲ့သည်။ ပထမအကြိမ်တင် ကလေးငယ် သုံးဦးသည် ကောင်းကင်နိုင်ငံရောက်မည် ဖြစ်ကြောင်း ကတိပေးခဲ့သည်။ သို့သော် ကလေးငယ် Francisco ဖရန်စစ္စကို အနေဖြင့် “စိပ်ပုတီး ခပ်များများ” စိပ်ရန် ပိုမို လိုအပ်ကြောင်း အထူး မှာကြားခဲ့သည်။
ပထမအကြိမ် အမိမယ်တော် ဖာတီမာတွင် ထင်ရှားပြစဉ် ကလေးငယ်များမှအပ အခြား မည်သူမျှ အနီးအနား တဝိုက်တွင် မရှိချေ။
ဖာတီမာတွင် အမိမယ်တော် ဒုတိယအကြိမ် ထင်ရှားပြခြင်း၊ ကလေးငယ်များ၏ အနာဂတ် နိဂုံးအကြောင်း၁၉၁၇ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် အမိမယ်တော်သည် ဒုတိယအကြိမ် ထင်ရှားပြပြန်သည်။ ထိုအချိန်တွင် အချို့ လူကြီးများသည် ခပ်လှမ်းလှမ်းမှ လေ့လာနေကြသည်။ ပထမ အကြိမ် အမိမယ်တော် ထင်ရှားပြခြင်းအား ကလေးများထံမှ ကြားသိခဲ့ရခြင်းကြောင့် လူများ စတင် ဝိုင်းလာကြသည်။ ကလေးငယ်များအား ကိုယ်ထင်ပြသည့် အမိမယ်တော် တည်ရှိရာ သစ်ပင်ထိပ်တွင် တိပ်တိုက်ငယ် တစ်ခု တည်ရှိနေကြောင်း လာလေ့လာသော လူကြီးများက ပြန်ပြောင်း ပြောပြသည်။ ဒုတိယအကြိမ်တွင် အမိမယ်တော်သည် ကလေးငယ်များအား သူမ၏ ဒဏ်ရာများဖြင့် ထိုးဖော်ခြင်းခံရသည့် အပြစ်မဲ့သော နှလုံးသားကို ပြသသည်။ လူသားတို့၏ အပြစ်များကြောင့် အမိမယ်တော၏ နှလုံးသားသည် ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်ကို ဖော်ကျူးကိုယ်စားပြုသည်။
လူစီယာသည် အမိမယ်တော်အား နာမကျန်းဖြစ်နေသူ တစ်ဦးအား ကုသပေးရန် တောင်းလျှောက်သောအခါ အမိမယ်တော်က ထိုသူသည် ကောင်းမွန်သော ပြုပြင်ပြောင်းလဲခြင်း ရှိလာပါလျှင် နာမကျန်းဖြစ်ခြင်းမှ ကုသပျောက်ကင်းလိမ့်မည်ဟု ဖြေကြားသည်။ လူစီယာသည် တဖန် အမိမယ်တော်အား သူမတို့ သုံးဦးကို ကောင်းကင်နိုင်ငံတော်သို့ ပင့်ဆောင်သွားပေးရန် တောင်းလျှောက်သော်အခါ အမိမယ်တော်က Jacinta နှင့် Francisco ဂျဆင်းတာနှင့် ဖရန်စစ္စကိုတို့အား မကြာမီ ကာလတွင် ကောင်းကင်နိုင်ငံသို့ ခေါ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် သူမ လူစီယာကိုမူ “အချိန်အချို့ အကြာ” လူ့လောက ကမ္ဘာတွင် တည်ရှိနေရဦးမည် ဖြစ်ကြောင်း ဖြေကြားသည်။
“ယေဇူးခရစ်တော်သည် သင့်အား အသုံးပြုလိုသေးသည်။ သင်သည် အမိမယ်တော် မေရီအား လူအများ သိရှိကာ ချစ်မြတ်နိုးလာစေရန် ကြိုးပမ်းဖို့ ခရစ်တော် အလိုရှိသည်၊”ဟု မယ်တော်က လူစီယာအား ပြောကြားသည်။
“ခရစ်တော်သည် မယ်တော်၏ အပြစ်မဲ့ နှလုံးသားအား ကမ္ဘာအဝှမ်းမှ သဒ္ဒါကြည်ညိုခြင်းရှိစေရန် အလိုရှိသည်။ မယ်တော်၏ နှလုံးသားအား လက်ခံထွေးပိုက်သူ အပေါင်းသည် ကယ်တင်ခြင်းရမည် ဖြစ်ကြောင်း ငါ ကတိပြုသည်။ မယ်တော်၏ နှလုံးသားအား မြတ်နိုးလက်ခံသူများ၏ ဝိညာဉ်သည် ဘုရားသခင်၏ ပုလ္လင်တော်အား မိမိ ကပ်လှူသည့် ပန်းများကဲ့သို့ ဘုရားသခင်၏ ချစ်ခြင်းကို ခံရလိမ့်မည်။”ဟု အမိမယ်တော် ဆက်လက် ပြောကြားခဲ့သည်။
ယင်းနောက် အမိမယ်တော်သည် ကလေးငယ်များအား နောက် တစ်လ ၁၃ ရက်နေ့တိတိတွင် ပြန်လည် လာရောက်ပါရန် မိန့်ကြားခဲ့သည်။
ထိုသို့ အမိမယ်တော်၏ ဒုတိယအကြိမ် ထင်ရှားပြသည့် မိန့်မှာချက်များအား ကလေးငယ်များသည် မည်သူ့ကိုမျှ မပြောပဲ လျှို့ဝှက်ချက်အဖြစ် ထားခဲ့သည်။ လူစီယာသည် သီလရှင်ဝတ်သည့်အခါမှသာ ထိုအကြောင်းအရာများအား ပြောကြားခဲ့ခြင်း ဖြစ်သည်။
အမိမယ်တော် တတိယ အကြိမ် ထင်ရှားပြခြင်း - Great Secret မဟာ လျှို့ဝှက်ချက်အား ဖော်ပြခြင်း။
ဇူလိုင်လ ၁၃ ရက်နေ့တွင် Great Secret ဟု လူသိများသော မဟာ လျှို့ဝှက်ချက်အား အမိမယ်တော်သည် မိန့်ကြားခဲ့သည်။ ထိုလျှို့ဝှက်ချက်များအား လူစီယာသည် လူအများအား သုံးပိုင်းခွဲကာ လူအများအား ထုတ်ဖော်ပြောပြခဲ့သည်။ ထို လျှို့ဝှက်ချက်၏ နှစ်ပိုင်းကို ၁၉၄၁ ခုနှစ်တွင် ဒေသခံ ဘိရှော့ ဆရာတော်၏ တောင်းဆိုချက်ကြောင့် မှတ်တမ်းပြုရေးသားရင်း ထုတ်ဖော်ရေးသားခဲ့သည်။ ထိုမဟာ လျှို့ဝှက်ချက်ကြီး၏ တတိတအပိုင်းကိုမူ အစပိုင်းတွင် အမိမယ်တော်၏ ညွှန်ကြားချက်၊ နှောင်းပိုင်းတွင် ကက်သလစ် အသင်းတော်၏ ညွှန်ကြားချက်ကြောင့် လူစီယာသည် သက္ကရာဇ် ၂၀၀၀ တွင် ဖော်ပြခဲ့သည်။
တတိယ အကြိမ် မယ်တော်ထင်ရှားပြချိန်တွင် ကလေးငယ်များကို နေ့တဓူဝ စိပ်ပုတီးစိပ်ကြရန် မိန့်မှာခဲ့ပြီး နောက်တစ်လ ၁၃ ရက်နေ့တွင် ပြန်လည် လာရောက်ရန် မှာကြားသည်။ လူစီယာက ထင်ရှားပြသော အမျိုးသမီးအား မိမိကိုယ်ကို အမှတ်သင်္ကေတ ထုတ်ဖော်ပြောကြားရန် တောင်းဆိုသောအခါ အမိမယ်တော်က အောက်တိုဘာလတွင် သူမသည် ပြီးပြည့်စုံစွာ ထင်ရှားပြမည်ဖြစ်ကြောင်းနှင့် တန်ခိုးလက္ခဏာတစ်ခုကိုလည်း ပြသမည်ဖြစ်ကြောင်း၊ ဤသို့ဖြင့် “လူသားအားလုံး မြင်တွေ့နိုင်ပြီး ယုံကြည်ကြလိမ့်မည်”ဖြစ်ကြောင်း မိန့်မှာခဲ့သည်။
အမိမယ်တော်သည် အပြစ်သားများအား ကူညီရန် ကလေးငယ်များအား မှာကြားသည်။
“အပြစ်သားများအတွက် သင်တို့ကို သင်တို့ အနစ်နာခံခြင်းဖြင့် ဒဏ်ဆပ်ဖြေကြပါ။ သင်တို့သည် အပြစ်သားများအတွက် ဒဏ်ဆပ်ဖြေ အနစ်နာခံပေးနေသည့် အချိန်တွင်
‘O my Jesus, it is for love of Thee, for the conversion of sinners, and in reparation for the sins committed against the Immaculate Heart of Mary.’
‘အိုယေဇူး၊ သခင့်အား ချစ်မြတ်နိုးသည့် အတွက်၊ အပြစ်သားများ ပြုပြင်ပြောင်းလဲရန်အတွက်၊ အမိမယ်တော်၏ အပြစ်မဲ့သော နှလုံးသားအား ပြစ်မှားသည့် အပြစ်များအတွက် ဤအနစ်နာခံခြင်းအားဖြင့် ဒဏ်ဆပ်ဖြေပါသည်၊’လို့ အကြိမ်ကြိမ် ရွတ်ဆိုနိုင်ကြောင်း သွန်သင်ခဲ့သည်။
တတိယအကြိမ် မယ်တော် ထင်ရှားပြချိန်တွင် လာရောက်ကြည့်ရှုသူများ တဖြည်းဖြည်း များပြားလာသည်။ အများစုသည် မသဲကွဲ၊ နားမလည်နိုင်သော တိုးညင်းသော အသံကို ကြားရကာ မယ်တော်၏ အသံဟု လက်ခံကြသည်။ ထို့အပြင် မျက်မြင်သက်သေများက အမိမယ်တော် ထင်ရှားပြချိန်တွင် တိမ်ဖုံး၍ ပူပြင်းအိုက်စပ်သော ပေါ်တူဂီ ရာသီဥတုသည် ရုတ်တရတ် အေးဆိမ့်သာယာသော ရာသီဥတုသို့ ပြောင်းလဲသွားကြောင်း ပြောကြားကြသည်။ ထို့အပြင် မယ်တော် ထင်ရှားပြပြီးချိန်တွင် လွန်စွာကျယ်လောင်သော မိုးကြိုးသံတစ်ခုကို ကြားခဲ့ရသည်ဟု လူအုပ်ကြီးက သက်သေခံကြသည်။
စတုတ္ထအကြိမ် မယ်တော် ထင်ရှားပြခြင်း - ပြန်ပေးဆွဲခြင်း
မယ်တော် ထင်ရှားပြသည့် ၁၉၁၇ ခုနှစ်တွင် ကက်သလစ် ခရစ်ယာန်ဘာသာအား ဆန့်ကျင်သည့် စိတ်ဓာတ် အစိုးရတွင် ကိန်းအောင်းနေသည်ဖြစ်ရာ ဖာတီမာ ခရိုင်ရှိ မြို့တော်ဝန်က မယ်တော်ထင်ရှားပြသည့် သတင်းအား သံသယ ဖြစ်ကာ ကလေးငယ်များအား မြင်သမျှ ကြားသမျှတို့သည် မဟုတ်မှန်ကြောင်း ဝန်ခံခိုင်းလေသည်။ သို့သော် ကလေးများမှာ မြို့တော်ဝန်၏ ညွှန်ကြားချက်ကို နားမယောင်ချေ။
သို့သော် မြို့တော်ဝန်သည် ကလေးငယ်များ လေးကြိမ်မြောက် အမိမယ်တော် ထင်ရှားပြခြင်းအား မမြင်တွေ့ရန် ရည်ရွယ်ချက်ဖြင့် ကလေးငယ်များနှင့် မိဘများအား Cova ဒေသသို့ သြဂုတ်လ ၁၃ ရက်နေ့တွင် ကားဖြင့် အလည်အပတ် ခေါ်သွားမည် ဖြစ်ကြောင်း ဖျားယောင်းလေသည်။ အဆုံးတွင် မြို့တော်ဝန်သည် လူလွှတ်၍ ကလေးငယ်များအား မိဘများ မပါစေပဲ ပြန်ပေးဆွဲခေါ်ဆောင်သွားလေသည်။ ကလေးငယ်များအား ဖာတီမာဒေသနှင့် ၉ မိုင်ခန့် ကွာဝေးသည့် Vila Nova de Ourem ခရိုင်ဒေသတစ်ခုသို့ ခေါ်ဆောင်သွားကာ ကလေးငယ်များအား ချော့တစ်ခါ၊ ခြိမ်းခြောက်တစ်ခါ အမိမယ်တော် ထင်ရှားပြသည့် အဖြစ်အပျက်သည် အစစ်အမှန် မဟုတ်ကြောင်း ထွက်ဆိုရန် စည်းရုံးလေသည်။ အဆုံးတွင် ကလေးငယ်များအား ဆီလောင်း၍ မီးရှို့သတ်မည်၊ ရာဇဝတ်သားများဖြင့် အကျဉ်းစခန်းတွင် ပိတ်လှောင်ထားမည် ဟု အမျိုးမျိုး ခြိမ်းခြောက်ပါသော်လည်း ကလေးငယ်များသည် အမိမယ်တော်အကြောင်း ငြင်းဆိုချက် မပေးချေ။ အဆုံးတွင် အမိမယ်တော် ထင်ရှားပြစဉ် ပေးအပ်သည့် သတင်းစကားများအား နားထောင်လိုသော ကက်သလစ် ခရစ်ယာန် လူထုကို ထိတ်လန့်သဖြင့် မြို့တော်ဝန်သည် ကလေးများအား မိဘဆီသို့ မကျေမချမ်းဖြင့် ပြန်လည် ပို့ဆောင်ပေးခဲ့သည်။
အမိမယ်တော်သည် သြဂုတ်လ ၁၃ ရက်နေ့တွင် ကလေးငယ်များအား မတွေ့ဆုံဖြစ်ခဲ့သော်လည်း ရက်အချို့အကြာတွင် ကလေးငယ်များအား ခေတ္တမျှ ထင်ရှားပြပြီးနောက် စိပ်ပုတီးစိပ်ကြရန်၊ အပြစ်များအတွက် ဒဏ်ဆပ်ဖြေကြရန်၊ နောက်တစ်လ ၁၃ ရက်နေ့တွင် ပြန်လည် လာရောက်ပါရန် မှာကြားခဲ့သည်။
ပဉ္စမအကြိမ် - တိမ်တောင်၊ ပန်းများ ရွာသွန်းခြင်း။
သြဂုတ်လ ၁၃ ရက်နေ့တွင် ကလေးငယ်များအား မြို့တော်ဝန်က ပြန်ပေးဆွဲခြင်းသည် အမိမယ်တော် ထင်ရှားပြခြင်းအား လူအများ မယုံကြည်ရန် အဖျက်စိတ်ဖြင့် ကြိုးပမ်းခဲ့ပါသော်လည်း ထိုဖြစ်ရပ်ကြောင့် စက်တင်ဘာလ ၁၃ ရက်နေ့တွင် လူထု၏ စိတ်ဝင်စားမှု ပိုမို ရှိလာကာ ပိုများသည့် လူအုပ်ကြီးသည် ဖာတီမာတွင် လာရောက် စုဝေးနေလေသည်။ ဤတစ်လတွင်မူ အမိမယ်တော် ထင်ရှားပြခြင်းသည် ပိုမို ဆန်းကြယ်လာသည်။ လူအမျိားသည် အမိမယ်တော် ထင်ရှားပြသည့် သစ်ပင်အပေါ်တွင် တောက်ပသော အလင်းထုကြီးနှင့် ၁၆ ပေ အရှည်ရှိ ရှည်မျောမျော တိမ်တောင်ကို မြင်ရလေသည်။
ထို့အပြင် အခြား လူအများက ကောင်းကင်မှ မယ်တော် ထင်ရှားပြနေသည့် နေရာတွင် အဖြူရောင် အဆင်းသဏ္ဍန် အရာဝတ္ထုတို့ သွန်းလောင်းကျရောက်လာသည်ဟုလည်း ပြောကြသည်။ ထိုသို့ ကျဆင်းလာသည့် အရာသည် နှင်းမှုန်လေးများ ဖြစ်သည်ဟု ပြောကြသလို နှင်းဆီပန်း အဖြူများ ကျဆင်းလာခြင်း ဖြစ်သည်ဟု ပြောကြသည်။ ထိုကျရောက်လာသော အရာတို့သည် မြေပြင်အား မထိမီ ပျောက်ကွယ်သွားလေသည်။
ထို့နောက် အမိမယ်တော်က ကလေးငယ်သုံးဦးအား နောက်တစ်လ (အောက်တိုဘာလ ၁၃ ရက်နေ့)တွင် ပြန်လည် လာရောက်ရန် မှာကြားခဲ့ကာ ထိုအချိန်တွင် လူအများ ရှုမြင်ခြင်းဖြင့် ယုံကြည်မှုရှိလာကြရန် တန်ခိုးလက္ခဏာအား ပြသမည် ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။
ဖာတီမာမယ်တော်၏ နောက်ဆုံး ထင်ရှားပြခြင်း - နေမင်း၏ တန်ခိုးလက္ခဏာ
၁၉၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဖာတီမာမြို့ အမိမယ်တော် ထင်ရှားပြမှုအား လူပေါင်း ၇ သောင်း လာရောက် ကြည့်ရှုလေသည်။ လာရောက်ကြသူ လူပေါင်း ခုနှစ်သောင်းတွင် ကက်သလစ် ခရစ်ယာန် ယုံကြည်သူများနှင့် မယုံကြည်သဖြင့် လာရောက်လေ့လာသူများလည်း ပါဝင်သည်။ အမိမယ်တော် ကတိထားတော်မူသည့် ကောင်းကင်ပေါ်မှ
တန်ခိုးလက္ခဏာတော်အား မြင်တွေ့ရန်အလို့ငှာ လူအများ လာရောက်စုဝေးကြခြင်း ဖြစ်သည်။
မွန်းတည့် ၁၂ နာရီမထိုးမီ နာရီဝက် အချိန် ၁၁ နာရီခွဲကတည်းက လူအုပ်ကြီးသည် လာရောက် စုဝေးနေကြပြီ ဖြစ်သည်။ သို့သော် ကလေးငယ်များသည် အမ်ိမယ်တော်သည် အမှန်တကယ် မွန်းတည့်ချိန် (ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲ)တွင် ထင်ရှားပြတော်မူမည်ကို သိသဖြင့် မွန်းလွဲ တစ်နာရီတွင် သစ်ပင် အနီးသို့ မယ်တော် ညွှန်ကြားသည့်တိုင်း ရောက်ရှိလာကြသည်။
မယ်တော်ထင်ရှားပြမည့် အောက်တိုဘာ ၁၃ ရက်မတိုင်မီ ၁၂ ရက်နေ့ ညပိုင်းတွင် ဖာတီမာဒေသတွင် မိုးရွာသွန်းခဲ့သည်။ ထို့ကြောင့် ၁၃ ရက်နေ့တွင် လယ်ထွန်ထားသည့် မြေသားများသည် မိုးရေများနှင့် ရောစပ်နေခြင်းကြောင့် မယ်တော် ထင်ရှားပြမည့် အနီးအနားနေရာတဝိုက်တွင် ရွံသားမြေအဖြစ်သို့ ပြောင်းလဲနေခဲ့သည်။
ထိုသို့ လာရောက်ကြည့်ရှုသူများတွင် ဒေါက်တာ Coimbra တက္ကသိုလ်မှ Natural Science ပညာရပ် ပို့ချသူ Dr. Joseph Almeida Garrett လည်း လာရောက် ကြည့်ရှုကာ သူ၏ အတွေ့အကြုံအား “Fatima in Lucia’s own Words: The Memoirs of Sister Lucia.” ဟု အမည်ရသော စာအုပ်တွင် ရေးသားဖော်ပြခဲ့သည်။ Dr. Joseph သည် ခပ်စောစော ရောက်ကာ ရွံ့လူးနေသော မြေသားတွင် ရပ်စောင့် မနေလိုသဖြင့် ခပ်လှမ်းလှမ်းတွင် ကားရပ်ကာ အတွင်းမှ ထိုင်ကြည့် လေ့လာနေမိသည်။
မွန်းလွဲ တစ်နာရီခွဲတွင် ကလေးငယ်များ ရှိနေသည့် နေရာတွင် အငွေ့၊ တိမ်လွှာတိုက် ပါးပါးလေးသည် ပေါ်လာလိုက် ပျောက်သွားလိုက်ဖြင့် ဖြစ်တည်နေသည်။ ထိုတိမ်လွှာသည် အမိမယ်တော် ကြွမြန်းလာသည်ကို အချက်ပေးနေသည် ဖြစ်ကာ အမိမယ်တော် ထင်ရှားပြသည်နှင့် လူစီယာက အမိမယ်တော် ဘာအလိုရှိသနည်းဟု မေးမြန်းလေသည်။ အမိမယ်တော်က စိပ်ပုတီး နေ့တိုင်းစိပ်ရန် တဖန် မှာကြားကာ၊ ဖာတီမာရှိ အမိမယ်တော် ထင်ရှားပြသည့် နေရာတွင် Our Lady of the Rosary စိပ်ပုတီး၏ သခင်မအား ဂုဏ်ပြုသည့် အနေဖြင့် ဘုရားကျောင်းတော်ကြီး တည်ဆောက်ရန် ညွှန်ကြားခဲ့လေသည်။ အမိမယ်တော်က ပထမ ကမ္ဘာစစ်ကြီးသည် အဆုံးသတ်တော့မည် ဖြစ်ကာ စစ်မြေပြင်မှ စစ်သည်တော်များ နေရပ်ပြန်လာတော့မည် ဖြစ်ကြောင်း ပြောကြားသည်။ ကလေးငယ်များသည် အမိမယ်တော်အား နာမကျန်းဖြစ်နေသူများ၏ အမည်များအား ညွှန်ဆို၍ ကုသပျောက်ကင်းပေးစေရန် တောင်းဆိုသောအခါ မယ်တော်က တောင်းလျှောက်သော သူတို့သည် ရောဂါပျောက်ကင်း သက်သာလိမ့်မည်ဖြစ်ကြောင်းနှင့် ထိုသူတို့အနေဖြင့် “သူတို့၏ ဘဝသက်တာအား ကောင်းမွန်စွာ နေထိုင်သွားရန်၊ ၎င်းတို့ ပြုမိသည့် အပြစ်များအား ဝန်ချတောင်းပန်ရန်”လိုအပ်ကြောင်း မှာကြားခဲ့သည်။
ယင်းနောက် စိပ်ပုတီး၏ သခင်မ ဖြစ်သူ အမိမယ်တော်သည် ထွက်ခွာသွားခဲ့သည်ဟု လူစီယာက ပြန်လည် ပြောပြသည်။ ထိုသို့ ထွက်ခွာသွားပြီးနောက်ပိုင်းတွင် ကလေးငယ် သုံးဦးအား အမိမယ်တော်သည် Our Lady of Sorrows, Our Lady of Mt. Carmel ဝမ်းနည်းပူဆွေးခြင်း၏ သခင်မ၊ ကာမယ်တောင်၏ သခင်မ အဖြစ် ထင်ရှားပြကာ သူငယ်တော် ယေဇူးနှင့် အဖ သံဇူဇယ်တို့သည်လည်း လူစီယာတို့ ကလေးငယ် ၃ ဦးအား ရူပါရုံပြခဲ့သည်။
ထွက်ခွာစဉ်သည် အမိမယ်တော်သည် “သူမ၏ အလင်းတန်းအား နေလုံးပေါ်သို့ လွှမ်းခြုံလိုက်လေသည်။” ရွာနေသော မိုးဖွဲသည် ရပ်သွားကာ တိမ်များ ပျော်ကွယ်သွားလေသည်။ ကောင်းကင်သည် ရုတ်တရတ် ကြည်လင်သွားကာ လူအများသည် ကောင်းကင်သို့ မော့ကြည့်နေမိသည်။
ယင်းနောက် ဆက်လက် ဖြစ်ပေါ်သည့် တန်ခိုးလက္ခဏာအား “Miracle of the Sun” နေဝန်း၏ အံ့ဖွယ်ရာ၊ သို့မဟုတ် “the time the sun danced” နေမင်း ကခုန်သော အချိန်ဟု တင်စားခေါ်ဝေါ်ကြသည်။ ရူပါရုံရသူ ကလေးငယ်တို့၏ ဖခင်က “ကျွန်တော်တို့ နေကို ကြည့်နေတော့ နေလုံးက လားရာ မတူတဲ့ ဘက်တွေ သွားနေတယ်လို့ မြင်မိတယ်။ နေမင်းရဲ့ အလင်းတန်းကလည်း မတူညီတဲ့ လားရားတွေကို အရောင်ပေါင်းစုံနဲ့ အလင်းတန်းများစွာ ဖြာထွက်နေတာ တွေ့မိတယ်။ အံ့သြစရာကောင်းတာက ဒါမျိုး နေမင်းက ရောင်စုံအလင်းတန်းတွေနဲ့ ထွန်းတောက်နေပေမယ့် ကြည့်နေသူ ကျွန်တော်တို့ရဲ့ မျက်စိတွေ ထိခိုက်မှု မရှိဘူး။ အဲဒီအချိန်မှာ ပတ်ဝန်းကျင် အရာအားလုံးက ငြိမ်သက်နေတယ်။ လူတိုင်းက အပေါ်ကိုပဲ ကြည့်နေတာပေါ့ဗျာ၊”ဟု ပြန်ပြောင်း ပြောပြခဲ့သည်။
လူအတော်များများက ထိုအဖြစ်အပျက်အား ကြုံတွေ့ခဲ့ရကာ အများစုက နေမင်းသည် အရောင်ပေါင်းစုံ ဖြာထွက်ခဲ့ကြောင်း၊ နေမင်းသည် ကခုန်နေသကဲ့သို့ ထူးဆန်းသည့် ရွှေ့လျားမှုများလည်း တွေ့ရကြောင်း ပြောကြားသက်သေခံကြသည်။ မိုးရွာထားသည့် စိုစွတ်သော နေရာသည် ထိုအချိန်တွင် ခမ်းခြောက်သွားသေသည်။ သို့သော် ထိုသို့ ထူးဆန်းသည့် နေမင်းအား ကြည့်ရှုနေရင်း ကမ္ဘာကြီး ပျက်စီးတော့မည်ဟုပင် ခံစားလာသူများလည်း ရှိပေသည်။
ယခု ဖတ်ရှုဖြစ်သည့် အကြောင်းအရာသည် ဖာတီမာ မယ်တော် ထင်ရှားပြခြင်းဟူသည့် ဆောင်းပါး၏ ပထမပိုင်း ဖြစ်ပါသည်။
ဒုတိယပိုင်းတွင် ဖာတီမာ မယ်တော်အား ရူပါရုံမြင်သည့် ကလေးငယ်များအကြောင်းနှင့် နောက်ဆက်တွဲ အကြောင်းအား ဆက်လက် ဖော်ပြသွားပါမည်။
ကိုးကား CNA
ဘာသာပြန်သူ
Credit: Lawrence Jangma Mung Song
x
x

No comments

Theme images by dino4. Powered by Blogger.