ဗုဒ္ဓဘာသာရဲ့ ပါဋိစာပေတွေကို ခရစ်ယာန်မှာ အသုံးပြု နေတာ ဘာကြောင့်လဲ



အမေး။ ။ ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာအယူဝါဒဟာ မတူကွဲပြားတာ ကျွန်တော်သိပါတယ်။ ဒါပမေဲ့ ကျွန်တော် သိထားသလောက် ဗုဒ္ဓဘာသာတွေရဲ့ အသုံးအနှုန်းဟာ ခရစ်ယာန်တွေမှာလည်း အသုံးပြုနေကြတာတွေ့ ရပါတယ်။ ဥပမာ - ဘုန်းကြီး၊ ရဟန်း၊ ရဟန္တာ၊ ကိုရင်၊ ဦးပဉ္ဇင်း၊ သီလရှင်၊ ဒကာ၊ ဒကာမ၊ ကုသိုလ်၊ အကုသိုလ်၊ လောဘ၊ ဒေါသ၊ မောဟ၊ ဒုက္ခ၊ အနတ္တ၊ သစ္စာတရား၊ စသည်ဖြင့် အများကြီး ရှိနေပြီး ဗုဒ္ဓဘာသာရဲ့ ပါဋိစာပေတွေကို ခရစ်ယာန်မှာ အသုံးပြု နေတာ ဘာကြောင့်လဲ ရှင်းလင်း ဖြေကြားစေချင်ပါတယ်ခင်ဗျာ။

 

အဖြေ။ ။ ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာဟာအယူဝါများဟာ မတူ ကြပဲ ကွဲပြားနေကြပါတယ်။ ဗုဒ္ဓဘာသာအထဲမှာကိုကလည်း မဟာယန ဗုဒ္ဓဘာသာနဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ အယူဝါဒများဟာ တူညီသောအချက် များရှိသလို ကွဲပြားခြားနားနေတဲ့ မတူညီသော အချက်များဟာ ဒုနဲ့ဒေးဆိုသလို များပြားစွာ တွေ့ ရပါတယ်။ ချုံးပြီး ကြည့်လိုက်မယ်ဆိုရင် ခရစ်ယာန်နိုင်ငံ တော်တော်များများမှာ ထေရဝါဒ ဗုဒ္ဓဘာသာအကြောင်းကို သိပ်ပြီး မသိကြဘဲ မဟာယန ဗုဒ္ဓဘာသာအကြောင်းကိုသာ သိကြပြီး အတူတူလို့ပဲလို့ ထင်နေကြတာ များပါတယ်။ ဒီလိုပါပဲ ဗုဒ္ဓဘာသာ နိုင်ငံတွေများမှာလဲ ခရစ်ယာန်တွေအားလုံးဟာ အတူတူပဲ ခြားနားမူမရှိဘူးလို့ ထင်မြင် ယူဆနေကြသူတွေများပါတယ်။


တကယ်တော့ ခရစ်ယာန် ဘာသာမှာလည်း ဗုဒ္ဓဘာသာလိုပဲ ယေဘုယအားဖြင့် ဂိုဏ်းနှစ်ဂိုဏ်းကွဲပြီး တူညီမူများ ရှိကြသလို ကွဲပြားခြားနားမူများမှာလည်း ဒုနဲ့ဒေး အများကြီး ရှိနေပါတယ်။ လူတိုင်းနားလည်နိုင်ဖို့ ရိုးရိုးလေးရှင်းပြ၊ နှိုင်းယှဉ်ရမယ်ဆိုရင် ဘုရင်ဂျီဘာသာလို့ ရှေးမြန်မာတို့ ခေါ်လေ့ရှိတဲ့ ကက်သလစ် ခရစ်ယာန်ဘာသာဟာ ထေရဝါဒ ဗုဒ္ဓဘာသာနဲ့ အယူဝါဒမှာ လုံးဝမတူဘဲ ခြားနားနေပေမယ့် ရိုးရာယဉ်ကျေးမူ၊ အလေ့အထများမှာ တူညီနေတဲ့အပိုင်း များစွာတွေ့ ရှိရပါတယ်။


ကက်သလစ် ခရစ်ယာန် သာသနာတော်ဟာတစ်လုံးတစ်ဝတည်းအဖြစ် တည်ရှိလျက် ခရစ်တော်ဘုရားရှင်ရဲ့ ကိုးစား သာသနာပိုင် ပုပ်ရဟန်း မင်းကြီးအရှင်သူတော်မြတ်ရဲ့ ဦးဆောင်အုပ်ချုပ်မူအောက်မှာ ကွဲပြားခြားနားခြင်း မရှိဘဲ တစ်လုံးတစ်ဝတည်းတည်ရှိ နေပါတယ်။ ကက်သလစ်ဘာသာဝင် လူဦးရေဟာလည်း အခြားညီအစ်ကို ပရိုတက်စတန် ခရစ်ယာန်ဂိုဏ်းဂဏများ အားလုံး ပေါင်းထက်ဦးရေ ပို၍ များပါတယ်။

မြန်မာနိုင်ငံမှာ ရှိကြတဲ့ ပရိုတက်စတန် ခရစ်ယာန်ဂိုဏ်းကွဲများကတော့ နှစ်ခြင်းခရစ်ယာန်အသင်းတော်၊ မက်သဒစ် အသင်းတော်၊ အေဂျီအသင်းတော်၊ စနေအသင်းတော်၊ ကယ်တင်ခြင်းတပ်အသင်းတော်၊ ပရက်စမီတေးရီယာန်း အသင်းတော်၊ ညီးအစ်ကိုများ အသင်းတော် နှင့် များစွာသော ပရိုတက်စတန် ခရစ်ယာန်ဂိုဏ်းကွဲများ စသည်ဖြင့် ရှိကြပါတယ်။ ဒါကြောင့်ကက်သလစ်ခရစ်ယာန် သာသနာတော်ကြီး နှင့်မတူပါဘူး။ 

ဗုဒ္ဓဘာသာဝင်တွေ ဖော်ပြမေးလာတဲ့ ဗုဒ္ဓဘာသာ ပါဋိဝေါဟာရ အသုံးအနှုန်းများကို ကက်သလစ်ခရစ်ယာန် သာသနာ တော်ကြီးကပဲ အသုံးပြုပါတယ်။ ပရိုတက်စတန် ခရစ်ယာန်ဂိုဏ်းကွဲ အသင်းတော်များက အသုံးမပြု ကြပါဘူး။ အဲဒါကြောင့် ဘာဖြစ်လို့ ခရစ်ယာန်ဘာသာက အသုံးပြု နေတာလဲလို့ မေးတဲ့ မေးခွန်းအစား ဘာကြောင့် ဘုရင်ဂျီဘာသာလို့ ခေါ်တဲ့ ကက်သလစ်ခရစ်ယာန် အမိသာသနာတော်ကြီးက အသုံးပြု နေကြတာလဲ ဆိုတဲ့ မေးခွန်းကိုသာ မေးရမှာဖြစ်ပါတယ်။ ကက်သလစ်အနေနဲ့ လည်းဖြေကြားသွားမှာပါ။ 


အရှေ့ တိုင်းနိုင်ငံများအတွက် အထူးသဖြင့် ဗုဒ္ဓဘာသာများတွေအတွက် ပါဋိဘာသာစကားရှိပြီး၊ အနောက်တိုင်း နိုင်ငံများအတွက် အထူးသဖြင့် ခရစ်ယာန် ဘာသာအတွက် လက်တင်ဘာသာစကား ရှိပါတယ်။

ဒီဘာသာစကား နှစ်မျိုးစလုံးများဟာ Dead Language ( ဘာသာစကားအသေ၊ အတိုးအလျော့ မရှိ၊ တိကျပြီး ဘာသာရေး ဝေါဟာရများ ကြွယ်ဝစွာ၊ နက်နက်ရိုင်းရိုင်းရှိတဲ့ ဘာသာစကားရပ်များ) လို့ ခေါ်ကြပါတယ်။ နောက်ပြီး ပါဋိလူမျိုးဆိုတာ မရှိသလို၊ လက်တင်လူမျိုးဆိုတာလည်း မရှိပါဘူး။ ပါဋိဘာသာစကား၊ လက်တင်းဘာသာစကားသာ ဖြစ်ကြပါတယ်။ ဝါကျဖွဲ့ စည်း တည်ဆောက်ပုံ၊ ဥပဒေ အသွားအလာ နိယာမများ၊ မူများတို့ဟာလည်း အတော့်ကို တူလှပါတယ်။ ဒါကြောင့် ပါဋိဘာသာတတ်ကျွမ်းတဲ့ ဗုဒ္ဓဘာသာရဟန်းသံဃာ တော်တော်များဟာ လက်တင်ဘာသာစကားကို လေ့လာ ဆည်းပူးလိုက်တဲ့အခါမှာ အတော့်ကိုလွယ်ကူစွာနဲ့ လေ့လာသင်ယူ နိုင်ကြောင်းတွေ့ရှိ ရပါတယ်။ 

ပါဋိဘာသာစကားဟာ ဗုဒ္ဓဘာသာ သာသနာတော်ကြီးရဲ့ ဘာသာစကားဖြစ်သလို၊ လက်တင် ဘာသာစကားဟာလည်း ကက်သလစ် ခရစ်ယာန် သာသနာတော်ကြီးရဲ့ ဘာသာစကားဖြစ်ပါတယ်။ 


ဒါကြောင့် ကက်သလစ်ဘာသာရဲ့ သာသနာပိုင်ချုပ် ပုပ်ရဟန်းမင်းကြီး အဆက်ဆက် ဝတ်ပြုကိုးကွယ်ခြင်းများမှအစ၊ စာချွန်တော်များအဆုံး၊ လက်တင်ဘာသာစကားများဖြင့်သာ ရေးသား ထုတ်ပြန်တော်မူကြပါတယ်။ အရှေ့ တိုင်းနိုင်ငံများဖြစ်တဲ့ မြန်မာ၊ ယိုးဒယား၊ ကန်ဗောဒီးယား၊ အင်ဒိုနီးရှား၊ အိန္ဒိယ စသည့်ဖြင့် အရှေ့ တိုင်းနိုင်ငံများမှာ အသုံးပြုနေတဲ့ ဘာသာရေး ဝေါဟာရအသုံးအနှန်းဟာ ပါဋိဘာသာမှ ဆင်းသက်တဲ့ ဝေါဟာရများဖြစ်နေကြောင်း လေ့လာသိရှိရပါတယ်။ ထိုအတူ အနောက်နိုင်ငံများမှာ ရှိနေကြတဲ့ တိုင်းနိုင်ငံများ၊ လူမျိုးများရဲ့ ဘာသာရေး ဝေါဟာရ အသုံးအနူန်းများဟာ လက်တင် ဘာသာစကားမှ ဆင်းတက်လာတဲ့ ဝေါဟာရများဖြစ်ကြောင်း လေ့လာရပါတယ်။ ပါဋိဘာသာစကားနဲ့ လက်တင်ဘာသာစကားများဟာ ဘာသာရေး သာသနာပြုများ ဥပေက္ခာပြုလို့ မရတဲ့ ဘာသာစကားများဖြစ်ပါတယ်။ 

အနောက်နိုင်ငံများ ဖက်ကို သာသနာပြုနေကြတဲ့ ဗုဒ္ဓဘာသာ သာသနာပြု ဆရာတော် သံဃာတော်များအနေနဲ့ ခရစ်ယာန် သာသနာတော်ရဲ့ လက်တင်းဘာသာစကား ဘာသာရေးဝေါဟာရများကို အသုံးမပြုကြပါက အနှစ်ပါပါ ထိထိရောက်ရောက် သာသနာပြုဖို့ ခက်ခဲနေကြသလို အရှေ့ တိုင်းနိုင်ငံများမှာ သာသနာပြုနေကြတဲ့ ခရစ်ယာန် ဘာသာ-သာသနာများအနေနဲ့လည်း ပါဋိဘာသာစကားလုံး ဝေါဟာရကို အသုံးမပြုပါက အနှစ်ပါပါ ထိထိရောက်ရောက် သာသနာမပြုနိုင်ပါဘူး။ 


သေချာပြန်ကြည့်ကြမယ်ဆိုရင်လည်း မြန်မာနိုင်ငံတော်မှ အနောက် နိုင်ငံများသို့ သာသနာပြု ကြွသွား တော်မူကြတဲ့ဗုဒ္ဓဘာသာ သာသနာပြု ဆရာတော်သံဃာတော်များအနေ ဖြင့်လည်း ကက်သလစ်ခရစ်ယာန် ဝေါဟာရ
များကိုလည်း အသုံးပြု နေကြပါတယ်။ 


ကမ္ဘာအေး ကမ္ဘာ့ ဗုဒ္ဓသာသနာပြု အဖွဲမှ ဘာသာပြန်ဆိုတဲ့အင်္ဂလိပ်ဘာသာပြန် ဗုဒ္ဓဘာသာစာပေများကို လေ့လာလိုက်ပါက လက်တင်ဘာသာမှ အခြေခံတဲ့ ဘာသာရေးစကားလုံးဝေါဟာရများကို သုံးနှုန်းထားတာတွေ့ ရပါတယ်။ အနောက်တိုင်းနိုင်ငံမှာရှိတဲ့ ကက်သလစ် ဘုန်းတော်ကြီး ရဟန်း နှင့် ကက်သလစ်ရသေ့တွေကို Priest, Monk လို့ ခေါ်တယ်။ အရှေ့တိုင်းက ဗုဒ္ဓဘာသာ ရဟန်သံဃာတော်များကိုလည်း Monk, Priest လို့ ဘာသာပြန် သုံးနှုန်းထားတာ ကမ္ဘာအေး ကမ္ဘာ့သာသနာပြုအဖွဲ့ များရဲ့ ဘာသာပြန် စာပေများလေ့လာရင် အဲဒီစကားလုံးတွေကို တွေ့ နိုင်ပါတယ်။ သီလရှင်ကို Nun, ကိုရင်ရဟန်းလောင်းတွေကို Novice, ရဟန်းသိက္ခာ
ခံယူခြင်းကို Ordination, ဒကာ၊ ဒကာမကို Sponsor, Benefactor, ကမ္မဠာန်းကို Religious Meditation,
ကုသိုလ် ကို Virtue Action, Merit, အကုသိုလ် ကို Evil, Misdeed, Demerit, လောဘ ကို Greed, Avarice,
ဒေါသ ကို Anger, မောဟ ကို Ignorance, ဒုက္ခ ကို Pain, Suffering, Trouble၊ အနတ္တကို Vanity, သစ္စာကို Truth, Oath, Vow, Loyalty, Fidelity, စသည်ဖြင့် ကက်သလစ်ခရစ်ယာန်ရဲ့ လက်တင်ဘာသာစကားမှ အခြေခံပြီး ထွက်ပေါ်လာတဲ့ ဘာသာရေး ဝေါဟာရ စကားများကို အသုံးပြုကာ ဘာသာပြန်ဆိုခြင်း၊ သုံးနှုန်းဟောကြားခြင်း၊ တရားပေးခြင်း၊ အသုံးအနှုန်းများ ပြုလုပ်ကြတာကို ဝမ်းမြောက်ဖွယ်ကောင်းစွာတွေ့ရှိ ရပါတယ်။ 

ကက်သလစ်အနေနဲ့ လည်း အရှေ့တိုင်း နိုင်ငံများမှာ ဗုဒ္ဓဘာသာတွေရဲ့ ဘာသာရေးအသုံးအနှန်းများကို ကက်သလစ်ခရစ်ယာန် ဘာသာအနေနဲ့  အသုံးပြုကြသလို၊ အနောက်နိုင်ငံများမှာ သာသနာပြု ကြွရောက်တော်မူ ကြတဲ့ ဗုဒ္ဓဘာသာ သာသနာပြုများ အနေနဲ့လည်း ကက်သလစ် သာသနာတော်ရဲ့ ဘာသာရေးအသုံးအနှုန်းဝေါဟာရများကို အသုံးပြုပြီး သာသနာပြုနေကြကြောင်း ဗဟုသုတအဖြစ် တင်ပြဖြေကြား လိုက်ရပါတယ်။ 

ဘုရားတရားအားထုတ်မူ နက်ရှိုင်းလာလေလေ အစွဲ တရားများနဲ့ ကင်းစင်လာလေလေပါပဲ။ ဘုရားတရားအားထုတ်မူ အားကောင်းလေလေ ရိုသေထိုက်သူကို ရိုသေ လေးစား ထိုက်သူကို ရိုသေလေးစား လာလေလေ၊ ကြည်ညိုထိုက်သူကို ကြည်ညိုလာ လေလေ။ ပူဇော်ထိုက်သူကိုလည်း ပူဇော်လာပါတော့တယ်။

မတူမတန်တဲ့ မာရ်နတ်ရဲ့ အဆိပ်အတောက်များနဲ့ ကင်းစင်လာလေလေပါပဲ။

🙏မေတ္တာအားကောင်းသော သူများဖြစ်နိုင်ကြပါစေ။🙏


Reference

: မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာမှ ဆရာတော်ကြီး မာကုတင်၀င်း (ဒေါမိနစ် ဂြိုလ်တု) ၏ ဘာသာရေးအမေးအဖြေမှ ပြန်လည်ကောက်နုတ်တင်ပြပေးလိုက်ပါသည်။







No comments

Theme images by dino4. Powered by Blogger.