Covid-19 ကပ်ရောဂါအကြား ရောမမြို့က နှလုံးခုန်သံ

*💓*ကိုရိုနာဗိုင်းရပ်စ် Covid-19 ကပ်ရောဂါအကြား ရောမမြို့က နှလုံးခုန်သံ*💗* ဒီစာကိုရေးနေရင်းနဲ့ ဂျက်ဇွစ်အသင်းဂိုဏ်းရဲ့ ဗဟိုကျောင်းတော်ကြီးဖြစ်တဲ့ Gesù ဘုရားကျောင်း ကြီးရဲ့ ခေါင်မိုးမှာတော့ အရောင်စုံ ငှက်ကြီးငှက်ငယ်တွေကို ကျွန်တော် အခန်းရဲ့ ပြူတင်းပေါက်ကနေ လှမ်းမြင်နေရပါတယ်။ နေ့စဉ်နေ့တိုင်း ကမ္ဘာလှည့် ခရီးသည်ပေါင်း ၂၅,၀၀၀ ကြိုဆိုနေကျ ရောမမြို့ကို လည်တဲ့သူ တစ်ယောက်မှ မရှိတော့ဘဲ အခုလို ခြောက်ကပ် နေလိမ့်မယ်လို့ ဘယ်သူတွေးဖူး မှာလဲ။ အရင်က စည်းကားနေခဲ့တဲ့ လမ်းဘေး တစ်လျှောက်မှာ ဂီတပညာရှင်နဲ့ အနုပညာရှင်တွေလည်း မရှိတော့ သလို ဈေးဆိုင်တွေလည်းပိတ် ထားကြတယ်။ ကားတွေရဲ့ ဟွန်တီးသံ တညံညံလည်း မကြားရတော့ ပါဘူး။ စူပါမားကတ်နဲ့ ဆေးအရောင်းဆိုင်တွေပဲ ဖွင့်တော့တယ်။ အပြင်မထွက်ရ အမိန့်ကြောင့် Gesù ကျောင်းက စိန်အီဂနေးရှပ်စ်ရဲ့ ဂူသင်္ချိုင်းကို ဘယ်သူမှ မလည်တော့သလို စိန်ဖရန်းစစ် ဆေးဗီးယားရဲ့ ညာဘက်လက် ရုပ်ကြွင်းလည်း ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ဒုက္ခဝေဒနာ ခံစားနေရ သူများကို ကောင်းချီးပေး နေသလို မြောက်ထားပါတယ်။ ပြတိုက်လေးတစ်ခုဖြစ်ပြီး အရင်က အလည်လာကြသူများနဲ့ စည်းကားခဲ့တဲ့ စိန်အီဂနေးရှပ်စ်ရဲ့ ကိုယ်ပိုင်အခန်းကိုလည်း လည်မယ့်သူ မရှိတော့တာမို့ အဲဒီအခန်းမှာ ကျွန်တော်တို့ ဆုတောင်းကြပါတယ်။ ဘုရားကျောင်းတွေကို သီးသန့် ဆုတောင်း လိုသူများအတွက် ဖွင့်ထားပေမယ့်လည်း လူထု မိစ္ဆားတရား ကတော့ မရှိတော့ဘူး။ ရိုမမြို့ကြီးကတော့ သဲကန္တာရ လိုပါပဲ။ သဲကန္တာရမှာ အီစရာအဲလ် လူမျိုးတွေ ရွက်ဖျင်တဲထဲမှာ နေခဲ့ကြသလို ငြိမ်နေရတယ်။ အပြင်ကို ခဏလေး ထွက်ဖို့ဆိုရင် ခိုင်လုံတဲ့ အကြောင်း ပြချက်နဲ့ မရှိမဖြစ်လိုအပ်တဲ့ ဆေးဝါးနဲ့အစားအစာ ၀ယ်ဖို့ကအစ ခွင့်ပြုချက်စာမှာ ရေးရပါတယ်။ ပြည်နှင်ဒဏ်ခံရလို့ ကိုယ်ရွက်ဖျင်တဲအထဲမှာ ကိုယ့်ကိုယ်ကို စောင့်ကြပ်ခံရသလိုမျိုး ကျွန်တော်တို့ နေကြရတယ်။ ကျွန်တော်တို့ရဲ့ ရွက်ဖျင်တဲ ကတော့ Collegio Internazionale del Gesù ပဲဖြစ်ပါတယ်။ တကယ်တော့ ကမ္ဘာတစ်ဝှမ်းလုံး ကနေ လာရောက်ပြီး ဂရီဂိုရီးယန်း တက္ကသိုလ်မှာ သီအိုလောဂျီးဘာသာ ရပ်ကိုစပြီး သင်ယူနေကြတဲ့ ဂျက်ဇွစ် ကိုရင်(၅၅) ပါးပဲ ရှိတာပါ။ ကျွန်တော့်တို့ ဂျက်ဇွစ်အသင်းရဲ့ နေထိုင်မှုက cura personalis လူပုဂ္ဂိုလ် တစ်ဦးချင်းစီကို ဂရုတစိုက် စောင့်ရှောက် ပြုစုခြင်းကို အခြေခံ ထားပါတယ်။ ဒါကြောင့်လည်း စိန်အီဂနေးရှပ်စ်က ချစ်ခြင်းမေတ္တာကို အပြောနဲ့ မဟုတ် အလုပ်နဲ့ သက်သေ ပြဖို့မှာကြား ခဲ့တာ ဖြစ်တယ်။ အဖွဲ့အစည်းထဲကို ဂရုစိုက်ခြင်းနဲ့ ချစ်ခြင်းမေတ္တာက ကျွန်တော်တို့ နေ့စဉ် မိစ္ဆားတရားတော်မြတ်မှာ ပူဇော်တဲ့ မုန့်နဲ့ စပျစ်ရည်သဖွယ် ကျွန်တော်တို့ရဲ့ ကာယနဲ့ ၀ိညာဉ် နှစ်ဖြာကို အဟာရ ဖြစ်စေပါတယ်။ အဲဒါတွေဟာ အီသရေလလူမျိုး အဲဂုတ္တုကျွန်ခံရာကနေ ထွက်ခွါလာချိန်မှာ နေ့ခင်း မိုးတိမ်လို၊ ညအခါ မီးတိုင်သဖွယ် လမ်းပြပေးတဲ့ တံတိုင်းတွေလို ဖြစ်ပြီး ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ရွက်ဖျင်တဲထဲမှာ စောင့်ကြပ်နေချိန် အဖော်ပြု ပေးပါတယ်။ အခုထိ ရရှိနေတဲ့ အဟာရတွေ အတွက် ကျေးဇူးတင် ချီးမွမ်းရင်း ကျွန်တော်တို့ နှလုံးသား ထဲမှာတော့ လောဘကြီးသူ တချို့ကြောင့် တဖက်မှာ ထိခိုက်ခံစား နေကြရတဲ့ ဆင်းရဲနွမ်းပါးသူ များနဲ့ ဆာလောင် မွတ်သိပ် သူများအတွက် ဂရုဏာသက်မိတာ အမှန်ပါ။ ဒီဇင်ဘာလတုန်းကစပြီး ကျွန်တော်တို့ ကျောင်းကြီးမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး အစည်းအဝေတွေ အများကြီး ပြုလုပ်ပြီး နောက်မှာ တစ်ယောက်နဲ့ တစ်ယောက် တစ်မိတာဆီအကွာမှာ နေကြဖို့ ဆုံးဖြတ်တဲ့ အထိပါပဲ။ ဒါကြောင့်လည်း ဘုရားကျောင်းငယ်မှာ ဆုတောင်းဖို့ နေရာကအစ ထမင်းစားခန်း စတဲ့ လူအများ စုဝေးနေကြ နေရာတွေကို ပြန်ပြင်ဆင် ရပါတယ်။ ကျန်းကျန်းမာမာနေဖို့ အားပေးစကားကို ပြောရ လွယ်သလောက် လက်တွေ့က ခက်ပါတယ်။ အဖွဲ့အစည်းနဲ့ နေရတဲ့ဘ၀က ကာယ၊ ဉာဏ ဆိုင်ရာများ သာမက ၀ိညာဉ်ရေးဆိုင်ရာ တွေမှာ ပိုကောင်းလာအောင် အမျိုးမျိုးလှုပ်ရှား ရတယ်။ ကျွန်တော်တို့ အတူ လုပ်နေကျဖြစ်တဲ့ မိစ္ဆားတရား ပူဇော်ခြင်း၊ ဆုတောင်းခြင်းနဲ့ အစား အသောက်များကို အတူ သုံးဆောင်ခြင်းတွေ အားလုံးက ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးလို ဖြစ်နေပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီလုပ်ဆောင်ချက် တွေက ကျွန်တော်တို့ စိတ်နှလုံးကို ညီညွတ် စေပါတယ်။ တခြား အားကစား တွေဖြစ်တဲ့ ဘောလုံး၊ စားပွဲတင် တင်းနစ်၊ စစ်တုရင် ကစားခြင်း၊ ကက်ဖဲ ကစားခြင်းနဲ့ သီအိုလောဂျီ စကားဝိုင်းတွေလည်း ရှိပါတယ်။ အရင်က ဥယျာဉ်တစ်ခုကို ကိုရင်တွေ ကစားဖို့အားကစားရုံ အဖြစ်ပြောင်းပြီး တည်ဆောက်ပေးခဲ့တဲ့ ဘုန်းတော်ကြီး ပေတရု အာရုပေကိုလည်း ကျေးဇူးတင် ရမှာပါ။ အပြင်ထွက်လို့ မရတဲ့ ဒီလိုအချိန်မျိုးမှာ အဲဒီ ကစားကွင်းမှာ ပြေးကြ၊ လမ်းလျောက်ကြ၊ ကြက်တောင်ရိုက်ကြနဲ့ တကယ့် အရေးကြီးတဲ့ နေရာပဲ မဟုတ်ပါလား။ တက္ကသိုလ်ကျောင်းတွေ ပိတ်ထားရပေးမယ့်လည်း ပါမောက္ခတွေ ပေးခဲ့စာတွေကို အွန်လိုင်းပေါ်မှာ ဖြေနေရသလို တချို့ပါမောက္ခတွေက အသံသွင်း၊ မှတ်စုပါဝါပွိုင့်တွေ ပို့လာကြတယ်။ Zoomနဲ့ အွန်လိုင်မှာ ကျောင်းသားတွေစုပြီး ဆွေးနွေးတဲ့ နည်းပညာကိုတော့ ဗီဒီယိုကြိုက်သူများအဖို့ ပိုသင့်တော်မယ် ထင်ပါတယ်။ ကျောင်းက ဖတ်စရာ၊ ရေးစရာတွေနဲ့ ပြန်တင်ပြဖို့အတွက် ပေးလာတဲ့ စာတွေက တစ်ပုံကြီးပါပဲ။ ဒါပေမဲ့ ခက်နေတာ တစ်ယောက်တည်း အခန်းထဲ အမြဲအောင်းနေပြီး စာကျက်ဖို့က သိမ်မလွယ်လှဘူး။ “လူသားတွေရဲ့ ပြဿနာက တစ်ယောက်တည်း အခန်းထဲမှာ တိတ်တဆိတ် မထိုင်နိုင်တာပဲ ဖြစ်တယ်” လို့ အတွေးအခေါ် ပညာရှင် ဘလိုင်းစ် ပါစကား (Blaise Pascal) ပြောခဲ့ပါတယ်။ ဒါပေမဲ့ တစ်နာရီထိုးတိုင်းလိုလို ကျွန်တော် အိမ်ရှေ့ စင်္ကြမှာ လမ်းလျှောက် ဆုတောင်းရင်း သခင်ယေဇူးရဲ့ ဒုက္ခစရိယာ နက်နဲတဲ့ အချက်တွေကို ထောက်ရှု့လေ့ရှိပါတယ်။ ကျောင်းအနားကို ခေါက်တုန့်ခေါက်ပြန် ဖြတ်သွားနေတဲ့ အရေးပေါ် လူနာတင်ကားတွေရဲ့ အချက်ပေးဥသြသံကြားတိုင်း လူဘ၀ရဲ့ မသေချာ မတည်မြဲတဲ့ သင်္ခါရသဘောမှာ ဘုရားရှင်ရဲ့ ကျေးဇူးတော်နဲ့ ချစ်ခြင်းမေတ္တာတော် အကြောင်း စဉ်းစားရင်း အရေးပေါ် ဆေးရုံက လူနာတွေအတွက် ဆုတောင်းမေတ္တာကို နူတ်ကနေ တတွတ်တွတ် ရွက်ဆိုနေမိတော့တယ်။ ညနေခင်းတွေမှာတော့ တချို့လူတွေ လမ်းလျှောက်နေတာ၊ အားကစား လုပ်နေတာကို အတွေး ပေါင်းများ စွာနဲ့အတူ ကျွန်တော်အခန်း ကနေငေးကြည့်ရင်း အမှတ်မထင် ကောင်းကင်ပြာကြီးကို မျော်ကြည့်ပြီး “အို ဘုရားသခင်၊ အကျွန်ုပ်တိုကို ကယ်မ သနားတ်ာမူပါ၊ ကျွန်ုပ်တို့ ကူညီမစရန် အမြန် ကြွလာတော်မူပါ (ဆာလံ ၆၉း ၂)”လို့ ဆုတောင်း ရေရွက် မိပါတော့တယ်။ ဘုရားသခင်ဟာ ဘယ်တော့မှ အိပ်စက်အနားယူလေ့မရှိတာကို သိထားတဲ့ ကျွန်တော်တို့ ယုံကြည်ခြင်း ခိုင်မာစွာ ရပ်တည် ရပါမယ်။ ကိုယ်တော်မြတ် စက္ကမင်တူးရဲ့ ရှေ့မှောက်မှာ လောဗန်း အမွှေးတိုင်မီးရှို့ကာ မျက်ရည်များနဲ့အတူ အစဉ်မပြတ် ဒူးထောက် ဆုတောင်းရင်း ယုံကြည် မျော်လင့်ချက်တွေကတော့ ဒုက္ခစရိယာရဲ့ အဆုံးမှာ ရှင်ပြန်ထမြောက်ခြင်း ဆိုတာ အမြဲရှိတယ်။ ဒီစာကို ရေးနေတဲ့ အချိန်ဟာ သန့်ရှင်းသော ရက်သတ္တပတ် မဟုတ်သေးပေမယ့်လည်း သခင်ယေဇူးရဲ့ ဒုက္ခစရိယာခံတော်မူခြင်းနဲ့ အသတ်တော် စွန့်တော်မူခြင်း ဖြစ်တဲ့ သောကြာနေ့ကြီးနဲ့ စနေနေ့ကြီးကို ကျွန်တော်တို့ တွေ့ကြုံနေရပါပြီ။ လက်ရှိမှာတော့ ကျွန်တော်တို့မှာ ယုံကြည်ခြင်း၊ မျော်လင့်ခြင်းနဲ့ ချစ်လေးမြတ်ခြင်းတို့ပဲ ကျန်ပါတော့တယ်။ ထိုပါရမီသုံပါးတို့တွင် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း၊ ( ၁ ကော်ရိန္တု ၁၃း၁၃)။ အခုလို အရေးကြီးတဲ့အချိန်မှာ ယုံကြည်ခြင်းနဲ့ မျော်လင့်ခြင်းက ကျွန်တော်တို့ရဲ့ အသက်ဖြစ်ပြီး ချစ်ခြင်းမေတ္တာ (cura personalis) ကတော့ ကျွန်တော်တို့ အဖွဲ့သား တစ်ဦးချင်းစီကို ဂရုတစိုက် စောင့်ရှောက် ပြုစုခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ လောက ဘ၀ခရီးကို အဖော်ပြု ပေးနေမှာ ဖြစ်ပါတော့တယ်။ မှတ်ချက်။ ။ရောမမြို့၊ ဂရီဂိုရီးယန်း တက္ကသိုလ်တွင် သီအိုလောဂျီသင်ယူနေသူ မြန်မာနိုင်ငံ ဂျက်ဇွစ်ကိုရင် Sch. PV Joseph Cin Hau Maung, SJ ၏ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောမမြို့ ကိုင်ပိုင်အတွေ့အကြုံများကို ယုံကြည်ခြင်းရှုထောင့်မှ သုံးသပ်ရေးသားထားသည့် “A Heart Beats in Rome” ကို လူအများ မြန်မာလို ဖတ်ရှုနိုင်ရန် ဘာသာပြန် ထားပါတယ်။ Source: https://www.jcapsj.org/2020/03/a-heart-beats-in-rome/

No comments

Theme images by dino4. Powered by Blogger.